NLD က NLD ကိုပြန်လည်ဝေဖန်နေပြီ


ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သည် တိုင်းလွှတ်တော်၏ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်နေပြီး ယခင်အစိုးရနှင့် ကွာခြားမှုမရှိဟု ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဝေဖန် ပြောဆိုလိုက်သည်။
တိုင်းအစိုးရ အနေဖြင့် အများနှင့် သက်ဆိုင်သော စီမံကိန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လွှတ်တော် ကော်မတီများထံ တင်ပြလေ့ မရှိမှုအပေါ် ၄င်းက အထက်ပါအတိုင်း ဝေဖန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်ဆိုတာ အစိုးရကို ထိန်းကျောင်းဖို့ သဘောဖြစ်တယ်။ ကျွန်မတို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၅၁ မှာ ပါပြီးသားပါ။ တိုင်းဒေသကြီး အစိုးရကနေ အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်း စီမံကိန်းတွေကို တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုချက် ရယူရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါပြီးသား။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပြုလုပ်မယ့် စီမံကိန်း အကြီးကြီးတွေမှာ ပြည်သူတွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ် အားလုံးနဲ့ သက်ဆိုင်တဲ့ စီမံကိန်းတွေဆို လွှတ်တော်ကို တင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးတော့မှ အတည်ပြုချက် ရယူဖို့က အရေးကြီးတယ်။ ဒါပေမဲ့ အခုအချိန်ထိ ရန်ကုန်တိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ မြို့သစ် စီမံကိန်းတွေလိုမျိုး ဆိုရင် ကျွန်မတို့ကို သေသေချာချာ ရှင်းပြထားတာ မရှိဘူး။ ဘယ်အချိန်မှာ မြို့သစ်စီမံကိန်းကို စလုပ်ဖို့ရှိတယ်။ ဘယ်လိုပုံစံနဲ့ ရေးဆွဲထားတယ်။ ဘာတွေပါမယ် ဆိုတာကအစ ဘာတစ်ခုမှ သိထားတာ မရှိဘူး။ လယ်ယာမြေတွေကို သိမ်းမှာလား။ မြေသိမ်းခွင့် ထုတ်ပြီး စီမံကိန်းစမှာလားဆိုတာ ကျွန်မတို့လည်း သိချင်တာပေါ့”ဟု ဒေါ်စန္ဒာမင်းက ဝေဖန် ပြောကြားခဲ့သည်။
ဆက်လက်၍ ၄င်းက ယခင် အစိုးရ လက်ထက်က ချမှတ်ထားခဲ့သော ရန်ကုန်မြို့သစ် စီမံကိန်း အပါအ၀င် ယခု အစိုးရ လက်ထက်တွင် အကောင်အထည် ဖော်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင် စီမံကိန်း ကိစ္စများနှင့် ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မည့် စီမံကိန်းများကို တင်ပြခြင်းမရှိကြောင်း ပြောသည်။

အဆိုပါ လုပ်ရပ်များသည် ယခင် အစိုးရလက်ထက် နည်းတူ ပွင်းလင်း မြင်သာမှုမရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း သိရသည်။
“တချို့ စီမံကိန်းတွေဆိုရင် ဂျာနယ်တွေမှာ ပါလာမှ သိရတာ ရှိတယ်။  ပြည်သူတွေက မေးတဲ့ အခါမှာ ကျွန်မတို့မှာ မသိဘူး ဖြစ်နေတယ်”ဟု ၄င်းက ဆက်လက် ပြောသည်။
ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်ကဏ္ဍ ချိတ်ဆက်မှု မရှိသည့်အပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကာ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ၄င်းက ထပ်မံ ပြောကြားသည်။  
 ပြည့်ဘုန်းအောင်
http://tomorrow.com.mm/
ဒိုးကြီး

Comments

Popular posts from this blog