NLD အစိုးရကိုယ်တိုင်းလည်း ပြောင်းလဲဖို့အချိန်တန်နေပါပြီ ..



ကောင်းမွန်သောအစိုးရတစ်ရပ်မှာ တာဝန်ခံမူရှိရမယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ၊ မိချောင်းတွင်း ကျေးရွာအနီး ဟုမ္မလင်း-မုံရွာပြေးဆွဲသော “အောင်စိုးမိုးကျော်(၂)” ရေယာဉ် တိမ်းမှောက်မှုကိစ္စ မှုမှာ “လမ်းပန်းဆက်သွယ်ရေးဝန်ကြီး” ဟာ မိမိရဲ့ စေ့စပ်သေချာမှုမရှိခဲ့တဲ့ ၊ မိမိ တာဝန်ကိုကျေပွန်စွာမဆောင် ရွက်နိုင်တဲ့အတွက် ပြည်သူ့ရှေ့မှောက်မှာ ဝမ်းနည်းခြင်းသက်သေအဖြစ် ဝန်ကြီးတာဝန်ကနေ အပြီးအပိုင်နှုတ် ထွက်သင့်ပါတယ်။
အခြားသော ဒီမိုကရေစီနိုင်ငံတွေမှာလည်း အခုကျွန်တော်ပြောခဲ့သလို ဝန်ကြီးတွေဟာ ပြည်သူအပေါ်တာဝန် ပျက်ကွက်မှု ရှိခဲ့ရင် ဝန်ကြီးတာဝန်ကနေ သိက္ခာရှိစွာ နှုတ်ထွက်ခဲ့ကြတယ်ဆိုတာ ကမ္ဘာ့သတင်းစာမျက်နှာတွေ ကို လက်မလွတ်တမ်း လေ့လာသူများ သိရှိကြပြီးဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအတိုင်းပင် ကိုယ့်စကားနဲ့ကိုယ် ကိုယ့်အစိုးအရအဖွဲ့ထဲက အသုံးမ ကျတဲ့ ဝန်ကြီးတွေ သိက္ခာရှိစွာ နှုတ်ထွက်သင့်ပြီလို့ ပြည်သူတစ်ယောက်ရဲ့ စကားကို တရားဝင်ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။
တစ်ဆက်တည်း ဗဟုသုတအဖြစ် ကျွန်တော် စကားလက်ဆောင်ပေးချင်တာက . .
“ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းထဲမှာ သမ္မာဝါစာဖြစ်ရုံနဲ့မလုံလောက်ပါဘူး။ ယင်းမှတဆင့် သစ္စာဝါစာဖြစ်အောင် ကိုယ်တိုင်ကျင့်ကြံရမှာဖြစ်ပါတယ်။”
ဒါ့ကြောင့် အရည်အချင်းမပြည့်မီတဲ့ “လမ်းပန်းဆက်သွယ်ရေးဝန်ကြီး”ဟာ သူ့အရှက်မရှိလို့ နှုတ်ထွက်စာမတင် ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတကိုညွှန်ကြားပြီး ထုတ်ဖြုတ်သင့်ပါတယ်။ ဗုဒ္ဓဝါဒမှာ ကိုယ်ချင်း စာတရားဟာ ပဓာနပါ။ အပြစ်မဲ့ပြည်သူတွေ အခုလို အကျိုးမဲ့အချီးအနှီး ရေယာဉ်မှောက်ပြီးသေကြရတာဟာ ဗုဒ္ဓဝါဒကို တကယ်ယုံကြည်ကျင့်သုံးသော ကျွန်တော် (ဒိုးကြီး)အတွက်တော့ အစားထိုးမရသောဝမ်းနည်းမှုတစ် ခုပါပဲလို့ ခံစားတင်ပြလိုက်ပါတယ်။
မှတ်ချက်။ ယခုတင်ပြမှုသည် တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာလို၍မဟုတ်ဘဲ အများပြည်သူများ စိတ္တသုခ ကာယသုခ ပြည့်စုံစေရန် ဓမ္မအလင်းဝေငှခြင်းသာဖြစ်ပါသည်။ သို့ပါသောကြောင့်သတ္တဝါတွေ ဘေးရန်ကင်းပါ စေ။အခုလို သေဘေးဆိုးနဲ့ ဝေးပါစေ  ..
လေးစားစွာဖြင့်
ဒိုးကြီး(19.10.2016)



Comments

Popular posts from this blog