Thursday 5 March 2015

အမည်းစိတ်မှ အဖြူစိတ်သို့ . ..



သဗ္ဗဒါန အလုံးစုံသောဒါနတို့တွင် ၊ဓမ္မဒါနံ၊ဓမ္မကို Like ခြင်း Share
ခြင်း၊ဝေငှခြင်းသည်။ ဇိနာတိ၊ အမြတ်ဆုံးဖြစ်ပါသည်။
လေးစားစွာဖြင့်
ဒိုးကြီး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဖန္ဒနံ စပလံ စိတ္တံ ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ ၊ ဥသုကာရောစ တေဇနံ။
ကာမဂုံအာရုံ၌တုန်လှုပ်တတ်သော၊ အာရုံတစ်ခုတည်း၌ မတည်တံ့နိုင်သဖြင့်
လျှပ်ပေါ့သော၊ ကာမဂုဏ်အာရုံသို့မသွားအောင် စောင့်စည်းနိုင်ခဲ၊ တားဆီးနိုင်ခဲသော
စိတ်ကို (လေးသမားသည် မြားကောက်ကို တဖြည်းဖြည်းဖြောင့်သကဲ့သို့) ပညာရှိသည်
သမထ၊ ၀ိပဿနာဉာဏ်ဖြင့် တဖြည်းဖြည်း ဖြောင့်လေ၏။
Just as a fletcher straightens an arrow shaft, even so the discerning
man straightens his mind- so fickle and unsteady, so difficult to guard and control.
သုတ္တာန်ပိဋကတ်၊
ခုဒ္ဒကနိကာယ်၊ ဓမ္မပဒပါဠိတော်၊စိတ္တ၀ဂ်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဗုဒ္ဓမြတ်စွာရဲ့ (ဒေသနာတော်) စကားလုံးများဟာ မျက်မှောက်ခေတ်
ဒဿ       နိကဗေဒသမားတို့ အခုအထိ လိုက်မမီသေးခဲ့ပါဘူး။
အတွေးနယ်ကို ကျက်စားခြင်းထက် ကိုယ်တိုင်အားထုတ်ခြင်းကိုသာလျှင်
အလေးပမာပြုသည်။ ကျွန်တော် ဗုဒ္ဓကိုမမြင်ဘူးခဲ့။ အသံကိုမကြားဖူးခဲ့။
သို့သော် သူပြောဆိုခဲ့သော စကားလုံးများကိုကား တစ်ဆင့်အားဖြင့်
သိခဲ့ရပါသည်။
ပိဋကတ်သုံးပုံကြီးကို အားလုံးစုံ ဗုဒ္ဓဟောခဲ့သည်မဟောခဲ့သည်ကိုတော့
ကျွန်တော်မငြင်းဆန်လို  ..  ငြင်းခုံခြင်းကိုအားအထုတ်။သို့သော်
ထိုပိဋကတ်ထဲက ဒီနေ့တိုင်ဖတ်ရှု့မှတ်သားမိသော စကားလုံးများသည်ကား
ကျွန်တော့်နှလုံးသားကို နူးညံ့သိမ့်မွေ့စေခဲ့ပါသည်။ အထူးသဖြင့် ကိုယ်နှင့်
ဘာသာမတူသူ ၀ါဒမတူသူ ရန်သူများအပေါ်ကိုပင် မျက်မုန်းကျိုးသောစိတ်ကို
ဗုဒ္ဓစကားတော်များသည် ယောနိသောမနသိကာရ သင့်လျှော်သောစိတ်၊ငြိမ်းအေး
သောစိတ်အဖြစ် ။ (၀ါ) မည်းစိတ်မှ အဖြူစိတ်သို့ အသွင်းပြောင်းစေခဲ့ပါသည်။
ဗုဒ္ဓ၏စကားများကိုဖတ်ရ၍ ကျွန်တော် တစ်ခါဘူးမှ စိတ်နှလုးံ မကြမ်းတမ်းခဲ့
ဘူးပါ။ ကြမ်းတမ်းခက်ထန်နေသောကျွန်တော့်စိတ်ကိုပင် ထိုစကားများက
နူးညံ့သောအသွင်သို့ကူးပြောင်းစေခဲ့သည်သာ။
ကျွန်တော်သည် အာဏာရှင်ကို မုန်းသည် ။ ခရိုနီကို ရွံသည်။
သို့သော်  ..  ထိုမုန်းသော ရွံသောစိတ်သည် ဒေါသဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာ
ကဆိုသည်။ ယင်းဒေါသတရားသည် အကုသိုလ်စိတ်ဖြစ်သည်။ ထိုအကု
သိုလ်စိတ်အား ကိုယ့်သဏ္ဍာန်ဝယ် အစဉ်သဖြင့်မထားရှိ ဟု ဗုဒ္ဓကဆိုသည်။
ထိုသို့ ဗုဒ္ဓမြတ်စွာသည် ရိုင်းပြသောစိတ်အား ယဉ်ကျေးသောစိတ်သို့ဖြစ်စေ
သည်။
ထို့ကြောင့် ကျွန်တော်သည် အချိန်ရလျှင် ဗုဒ္ဓပိဋကတ်ပင်လယ်ထဲသို့
စီးမြောလိုက်ပါခဲ့ပါသည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း။ အာပလာသဓကာ
လုပ်ခြင်း ၊ အခွန်မဆောင်ဘဲ ဖွန်ကြောင်ခြင်းများကို ရှောင်ရှားခဲ့ပါသည်။
ယုတ်စွအဆုံး facebook ပေါ်တွင် တဏှာရူး၍ အာလူးမပေးဘူးခဲ့ပါဘူး။
ကောင်းမြတ်သော ပိုစ့်များကိုဖတ်ရပါလျှင် Like နှိပ်မိပါသည်။
အချိန်သည် ကျွန်တော်တို့အား သံကိုသံချေးစားမြိုသကဲ့သို့ စားမြိုနေသည်
ကို ကျွန်တော် သတိပြုဆင်ခြင်နေမိသည်။
အခုဆို ကျွန်တော်အသက် (40) ကျော်ခဲ့ပါပြီ။ ကျွန်တော့ရဲ့ မနက်ဖန်ဟာ
ဆယ်ကျော်သက်အရွယ်ကလောက် မလတ်ဆတ်တော့ပါဘူး။ ဟိုစဉ်က
ခုန်ပျံကျော်လွှား လူတစ်ယောက်ကို ဖိုက်ချင်တိုင်း ဖိုက်နိုင်ခဲ့သောကျွန်တော့
ရဲ့ ကိုယ်ကာယကြီးဟာ လေးလံထိုင်းမှိုင်းနေပါပြီ။
ဟိုစဉ်က အပြင်းအထန်ကျင့်ခဲ့သော ကိုယ်ခံပညာများကြောင့်လားမသိ
ကျွန်တော့ရဲ့ ဒူး ခါး ခြေ လက်အဆစ်တွေဟာ ကျွန်တော်လိုသောနေရာ
သို့ မရောက်နိုင်တော့ပါဘူး။
အလယ်တန်းကျောင်းသားဘ၀က မြှားတစ်စင်းကဲ့သို့ ကန်ထောက်နိုင်
ခဲ့သော ကျွန်တော့ကို သူငယ်ချင်းအချို့က မြှားလေးဟုပင်ခေါ်ခဲ့ပါသေး
သည်(စိုးအောင်)မှ ခေါ်တာကိုသတိရမိသည်။
ယခုမှာတော့ ဆယ်ပေါင်တူထက်ပင် လေးလံထိုင်းမှိုင်းနေပါတော့သည်။
ထို့ကြောင့် ကျွန်တော်တို့သည်  .. ကျန်လှပ်နေသော မပြောပလောက်သည့်
အချိန်လေးမှာ အကုသိုလ်စိတ်များကို လျှော်ဖွတ်နိုင်ရမည်။
ဒီစာစကားအရပြောရပါမူ မြှားကို လိုရာသို့ ဆန်ငင်သကဲ့သို့ ကျွန်တော်တို့
၏ စိတ်ကို ကုသိုလ်ဘက်သို့ ဆန့်ငင်နိုင်ရမည်ဟု  .. ဓမ္မအလင်းဝေငှ
မိပါသည်။
သဗ္ဗဒါန အလုံးစုံသောဒါနတို့တွင် ၊ဓမ္မဒါနံ၊ဓမ္မကို Like ခြင်း Share
ခြင်း၊ဝေငှခြင်းသည်။ ဇိနာတိ၊ အမြတ်ဆုံးဖြစ်ပါသည်။
ဓာတ်ပုံ  . . Google
လေးစားစွာဖြင့်

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...