Friday 3 February 2017

အဋ္ဌနမေတံ အသက်ဘေးလွတ်ပါဠိတော်



မကြာသေးမီက ရှေနေ ဦးကိုနီသည် လူများစွာတို့ရဲ့အလည် အထင်အရှားရှိနေစဉ်မှာပင် ကြည်လင်း ဆိုသော လူ၏ သေနပ်ဖြင့် ဦးခေါင်းကို တေ့ပစ်ခြင်းကိုခံခဲ့ရကာ နေရာမှာပင် ပွဲခြင်းပြီး မရှု့မလှသေပွဲ ဝင်ခဲ့ရပါတယ်။ ဒီလိုပဲ ဟိုမကြာသောကာလတွေကလည်း မြန်မာနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်မှုတွေက အများသိကြသည့်အတိုင်း ကြောက်စရာ ထိပ်လန့်စရာတွေမို့ ပုထုဇဉ်များအတွက် တွေး၍ပင်ကြောက် ဖို့ကောင်းနေပါသည်။
ငါးလောင်းတွေရော လေးလောင်းတွေရော တစ်လောင်းတွေရော စုံလို့ ၊ ဘယ်ကသေနပ်တွေရမှန်း မသိ ၊ သေနပ်မှ တစ်လက်တည်းမဟုတ် နှစ်လက်တောင် ၊ အဲလို တရားမဲ့ ဥပဒေမဲ့ လက်နက်အား ကိုးဖြင့် မိုက်ရိုင်းနေကြသော မိုကဏ်းနေကြသော မြန်မာနိုင်ငံတွင် သက်စောင့် ဆေးဝါး ဂါထာမန္တာန် အင်းအိုင် လက်ဖွဲ့တို့ လိုနေပြီ။
တကယ်လည်းပဲ လောကမှာ ဓါးလှန်လေးမြှားအစရှိသော လက်နက်တွေဆောင်နေခြင်းထက် ဗုဒ္ဓမြတ် စွာ၏ ဂါထာပါဠိတော်များကို ဆောင်ထားခြင်းသည် လွန်စွာအကျိုးရှိပါ၏ ၊ မည်သည့်အစိုးရကမှ ကိုယ့် ကိုဖမ်းဆည်းလို့မရနိုင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်မှာ အစိုးရမှဖမ်းဆည်း၍ရသော လက်နက်များ ကိုင်ဆောင်ထားခြင်းမရှိလို့ပါပဲ။
ယုံကြည်လိုက်ပါ ယုံကြည်စွာခြင့် ဗုဒ္ဓရွှေနှုတ်တော်မြွတ်ပါဠိတော်ကို ဆောင်ကြည့်ပါ အဆုံးစွန်သော ဘဝမှာ နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ပါတယ် စာရေးသူသည် ဓမ္မဒါန ကုသိုလ်ရှင်ပီပီ အခုလို သန်းခေါင်းကျော်နေချိန်မှာတောင် မအိပ်နိုင်သေးဘဲ သတ္တဝါဝေနေယျတို့အကျိုးကို မျှော်ကိုး၍ သက်စောင့်ဂါထာတော်ဖြစ်သော ကျမ်းရင်းပါဠိတော် များကို ထုတ်နှုတ်ဝေငှခြင်းဖြစ်ပါတယ်။
ရှေးဟောင်း အင်းကျမ်းဂ္ထါမန္တာန်ကျမ်းများကို စာရေးသူ ကံအားလျော်စွာ လေ့လာဖူးပါတယ်။ ထိုအချိန် တုန်းက စာရေးသူသည် ပါဠိတော်များကို လုံးလုံးမျှမသိနားမလည်သေးတဲ့အရွယ်ပါ ထိုအချိန်ကတည်း က ယခု ပါဠိတော်တစ်ဆူသည် နာမည်ကြီးသည် ဆွေမျိုးများဖြင့် အမုန်းအညှိုးရှိသူများ ဒီပါဠိတော်ကို မရွတ်ဖို့ရန်ကိုပင် တားမြစ်ထားတာကို စာရေးသူ ကိုယ်တိုင်ကိုယ်ကျ ဖတ်မှတ်ဖူးပါတယ် အဲဒီတုန်းက စာအုပ်ဟာ အဟောင်းလွန်လို့ အစလည်းမရှိ အဆုံးလည်းမရှိတော့ပါဘူး။ မည်သည့်ပါဠိတော်ကျမ်းက လာ၍ ရေးထားခြင်းဖြစ်သလည်ကိုလည်း စာရေးသူမသိရပါဘူး။
ထိုအချိန်က ထိုပါဠိတော်ကို လွန်စွာအံ့သြမိခဲ့ပါတယ်။ နောက်တော့ ဒီပါဠိတော်ဟာ ဗုဒ္ဓကိုယ်တော် တိုင်ဟောထားသော ပါဠိတော်ပါလားဟု အခုလို သိခဲ့ရပါတယ်။ ဒါ့ကြောင့် စာရေးသူရေးမိခဲ့သမျှ ဆောင်းပါများကဗျာများတွင် ကိုးကားသောကျမ်းစာမျက်နှာများကို လုံးဝထည့်ကိုထည့်ရေးလေ့ရှိပါ တယ် ကိုယ့်လိုပဲ အများသူငှာဖတ်ရှုသူတို့ ကျယ်ကျယ်ဝင့်ဝင့်သိလို့ပါက ရှာဖွေဖတ်ရှု့နိုင်ပါစေဟူသော စေတနာသဒ္ဓါကြောင့်ပါပဲ။
သို့သော်လည်းပဲ ဒါတွေကို အခုလို သိသူ နှစ်သက်သူ မရှိစလောက်နည်းပါးပါတယ် အဲဒါကြောင့်လည်းပဲ လောကမှာ အသေဆိုး အနေဆိုးတွေနဲ့ ကြုံနေရတာ စာဖတ်သူတို့ မျက်မြင်ပင်မဟုတ်ပါလော ၊ဒါ တွေကိုသိသော စာရေးသူမှာ သူတော်ကောင်းစိတ်ရှိသူများ ဦးကိုနီအစရှိသောသူတို့ကဲ့သို့ သေနပ် ဘေး ဓါးဘေး စသောဘေးအမျိုးမျိုး ကပ်အမျိုးမျိုးမှ လွတ်ကင်းကြစေရန် ကောင်းမြတ်သောသဒ္ဓါတ ရားဖြင့် ပါဠိတော်များမှထုတ်နှုတ်၍ အခုလိုတန်ဆာဆင် ရေးသားလိုက်ရပေသည် ။
“ရာဇဂြိုဟ်မြို့မှာ လုပ်ကြံသတင်းလား”
“အဟုတ်အမှန်သတင်းလားဆိုတာတော့မသိ”
ဗုဒ္ဓကိုသေကြောင်း ကြံစည်နေပြီ ဆိုတဲ့ စကားတွေကတော့ ကြားနေရသည် ။
မကြာပါဘူး စကားနောက်တရားပါ ဆိုသလို လူတိုင်းပါးစပ်ထဲရောက်နေတဲ့ ကောလဟာလခေါ်သော စကားတွေဟာ တကယ်ကိုပဲ အဟုတ်အမှန် တွေဖြစ်နေတက်ပါတယ်။
ဖြစ်ပုံကတော့  ၊ ဗုဒ္ဓနဲ့ညီအစ်ကိုတစ်ဝမ်းကွဲ တော်စပ်သည့်အပြင် နှမပေးယောက်ဖလည်းတော်စပ်သူ ဒေဝဒတ်ရဟန်းတော်ဟာ ဂိဇ္ဈဂုတ်တောင်ပေါ်ကနေ ကျောက်တုံးကြီးတွေကို ခလုပ်မောင်းဆင်ပြီး လုပ် ကြံခဲ့ပါတယ်။
ဗုဒ္ဓဆွမ်းခံအပြန် လမ်းမှာ ဒေဝဒတ်ဟာ ကျောက်မောင်းဆင်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။ သို့သော် လည်းပဲ အကြောင်းအားလျှော်စွာ ဒေဝဒတ်ရဲ့ ကျောက်မောင်းဟာ ဗုဒ္ဓကို သေရာပါအထိအဖြစ်ခဲ့ပါဘူး ခြေမလေးလောက်ပဲနဲနဲလေးကွဲလို့ သွေးစလေးထွက်ရုံမျှသာပဲ ဖြစ်ခဲ့ပါတယ်။ ဇေတဝန်ကျောင်းတော် မှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ် ၊ ဗုဒ္ဓရဲ့ Personal Assistant ခေါ် PA အာနန္ဒာ ကလည်း အရမ်းစိတ် ပူသွားတယ်။
ဒါ့ကြောင့် Pa အာနန္ဒာက သန်မာဖြတ်လတ်တဲ့ ရဟန်းပျိုများကို ခေါ်ယူပြီး ဇေတဝန်ကျောင်းတွင်း ဗုဒ္ဓသီတင်းသုံးရာ ဂန္ဓကုဋီတိုက်ကို ကင်းစောင့်ဖို့အတွက် Planning ရေးဆွဲပါတော့တယ် တစ်နာရီကို ရဟန်းပျိုနှစ်ပါးစီအစောင့်ထားပါတယ်။
ညတွင်းခြင်းပါပဲ ကင်းစောင့်ရဟန်းပျိုများရဲ့ တီးတိုးစကားသံကို ဗုဒ္ဓကကြားပြီး ထိုရဟန်းပျိုများကို ခေါ်ကာ . ..
“ ရဟန်းတို့ ငါဘုရားရဲ့ ကျောင်းနံဘေးမှာ ဘာတွေလုပ်နေကြတုန်း”

“အသျှင်ဘုရား ”
“တပည့်တော်များက ကင်းအလှည့်ကျလို့ ကင်းစောင့်နေတာပါဘုရား”

“ရဟန်းတို့ မင်းတို့က ဘယ်သူ့အတွက် ”
“ကင်းအလှည့်ကြလို့ ကင်းစောင့်ရတာတုန်း”

“တပည့်တော်တို့က အရှင်အာနန္ဒာရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း”
“အရှင်ဘုရားကို ဒေဝဒတ်ရန်ကနေ ကင်းဝေးဖို့ ကင်းစောင့်ရတာပါဘုရား”
“အေး အေး ကောင်းပြီ ”
“မင်းတို့ကို ကင်းစောင့်ခိုင်းတဲ့ အရှင်အာနန္ဒာကို ငါဘုရားထံ”
“ အခု ညတွင်းခြင်းပဲ သွားခေါ်လိုက်စမ်းပါ”

တာဝန်ကျ ကင်းစောင့်ရဟန်းပျိုနှစ်ပါးဟာ ဗုဒ္ဓရဲ့စကားအတိုင်း အရှင်အာန္ဒာရှိရာကျောင်းဆောင်ကို သွားပြီး အရှင်အာနန္ဒာကို ပင့်ခဲ့ပါတယ်။ အရှင်အာနန္ဒာလည်း ကဗျာကသီ အမြန်ဘုရားထံ ကင်းစောင့် ရဟန်းပျိုတို့နဲ့အတူ လိုက်ပါခဲ့ပါတယ်။
ဘုရားထံမှောက်ရောက်တယ်ဆိုရင်ပဲ အရှင်အာနန္ဒာကို အခုလိုပြောလိုက်ပါတယ်။
(ပါဠိတော် )
“ အဋ္ဌာန မေတံ ဘိက္ခဝေ အနဝကာသော
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါယောပေယျ
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ
ဂစ္ဆထ တုမှေ ဘိက္ခဝေ ယထာဝိဟာရံ၊ အရက္ခိယာ ဘိက္ခဝေ တထာဂတာတိ။
(ပါဠိတော် နိဿယ)
ဘိက္ခဝေ-ရဟန်းတို့ ၊ ပရူပက္ကမေန-သူတပါးလုံ့လပယောဂဖြင့် ၊ တထာဂတံ-ငါဘုရားကို ၊ ဇီဝိတာ-အသက်ဇီဝိတိနြေ္ဒမှ၊ ယံ ဝေါရောပေယျ-သတ်နိုင်ရာ၏ ၊ ဧတံ-ဤသို့သတ်နိုင်ခြင်းသည် ၊ အဋ္ဌာနံ-အကြောင်းမဟုတ်၊ အနဝကာသော-အရာမဟုတ်၊ ဘိက္ခဝေ-ရဟန်းတို့ ၊ တထာဂတာ-မြတ်စွာဘုရား တို့သည် ၊ အနုပက္ကမေန- သူတစ်ပါးတို့၏လုံ့လပယောဂမပါဘဲနှင့်သာလျှင် ၊ ပရိနိဗ္ဗာယန္တိ- ပရိနိဗ္ဗာန်စံ လွန်တော်မူကြကုန်၏ ။
ဘိက္ခဝေ-ရဟန်းတို့ ၊ တုမှေ-သင်တို့သည် ၊ ယထာဝိဟာရံ-နေမြဲကျောင်းသို့ ၊ ဂစ္ဆထ-သွားကြပါကုန် လော ၊ ဘိက္ခဝေ-ရဟန်းတို့၊ တထာဂတာ-မြတ်စွာဘုရားတို့ကို၊ အရက္ခိယာ-မစောင့်ရှောက်အပ်ကုန်။
 “ဘုရားဆိုတာ ဘယ်သူသတ်လို့မှ ဘယ်သူလုပ်ကြံလို့မှ မသေဘူး”
“ဘုရားတို့မည်သည် မိမိရဲ့အလိုဆန္ဒတော်အတိုင်းပဲ ပရိနိဗ္ဗာန်စံလွန်တော်မူကြတယ်”
လို့ မိန့်လိုက်တယ် ။ တဆက်တည်းပဲ အခုအချိန်ကနေစပြီး ငါဘုရားကို ဘယ်တော့မှ ကင်းစောင့်ခြင်း ကိုမလုပ်ကြနဲ့ မင်းတို့ ဖာသာ ရဟတ္တမဂ်အရဟတ္တဖိုလ်ဆိုက်အောင် တရားကိုသာအားထုတ်ကြလို့ မှာကြားတော်မူခဲ့ပါတယ်။
ဒါ ပိဋကတ်တော် အမှန်အစစ်ပါ ၊ အဋ္ဌကထာဆရာများရေးတဲ့ ပြောတဲ့ စကားမဟုတ်ပါဘူး ၊ ဒီအ ကြောင်းနဲ့ ပတ်သက်ပြီး စာရေးသူကိုယ်တွေ့များလည်း ကြုံဖူးပါတယ် ကိုယ်တွေ့တွေက များလွန်းလို့ ရေးရမှာ တစ်သီးတစ်သန့်ရေးမှကောင်းမယ်။ ဒါ့ကြောင့် ပါဠိတော်လိုရင်းကိုပဲ မြန်မာလို နားလည်ဖတ် လို့ကောင်းအောင် ရေးလိုက်တာပါ။
ဒါ့ကြောင့် ဘေးအန္တရာယ်များ ရင်ဆိုင်နေရတဲ့ ပုထုဇဉ်လောကမှာ အထက်ပါ ပါဠိတော်မူရင်းကို ရအောင် ကျက်ပြီး ရွတ်ကြနှလုံးသွင်းကြဖို့ တိုက်တွန်းပါတယ်။ တိုက်တွန်းသူ စာရေးသူအတွက်တော့ ဓမ္မဒေသန ကုသိုလ်ဖြစ်သလို ဖတ်ရှုကြသူများအတွက်တော့ ဓမ္မသာဝန ဓမ္မသာကစ္ဆပေါ့၊ စာရေးသူ အားတိုင်း အခွင့်ဆုံတိုင်းလည်း အခုလို ပါဠိတော်များထဲက လောကလူသားများနဲ့ လိုက်လျောညီထွေ မည့် ပါဠိတော်များကို ထုတ်နှုတ်ဓမ္မဒါနပြုလေ့ရှိပါတယ်။ doegyi.blogspot.com မှာ ဝင်ကြည့်လို့ရပါ တယ်။
Facebook ဆိုတာ မြန်မာပြည်မှာ မနေ့တနေ့ကမှ ခေတ်စားနေကြတာပါ ဒါ့ကြောင့် စာရေးသူဟိုးတုန်း ကတည်းက Blog ပေါ်မှာ ဓမ္မဒါနဆေင်းပါးများရေးလေ့ရှီပါတယ်။ ဒါကြောင့် စာဖတ်သူများ အဲဒီ blog ကိုဝင်ကြည့်လို့ရပါတယ်။

ဤဓမ္မဒါနကုသိုလ်ကို မိမိအားပါဠိစာပေစတင်သင်ကြားပေးခဲ့သော ဖခင်ကြီးဦးလှစံနှင့်ဝေနယျတို့အား
ကိုးကားသောကျမ်း
ဝိနယပိဋကတ် စူဠဝဂ္ဂပါဠိတော်
၇-သံဃဘေဒက္ခန္ဓက
လောဟိတုပ္ပါဒကကမ္မ
စူဠဝါ ပါဠိတော်- နိသျ
မိုးထိမူ- နှာ ၂၈၆
ဒိုးကြီး(ဝိဘဇ္ဇ)4.2.2017-1း51am



No comments:

Related Posts Plugin for WordPress, Blogger...