Saturday 16 July 2016

အိပ်မက်တွေဆိုရင်လည်း . . ထားရစ်ခဲ့ပါတော့ . . ငယ်


ချစ်ခြင်းမုန်းခြင်း သီအိုရီမှာ . .
ဆုံတွေ့ခြင်းနှင့် ခွဲခွာခြင်းဆိုသော ကိန်းသင်္ချာနှစ်ခုသည် ယှဉ်တွဲ၍နေသည်။ ယင်းတို့သည် အပေါင်းကိန်းဖြင့်တွေ့ သော် အချစ်ဟုသမုတ်၍ အနှုတ်ကိန်းဖြင့်ယှဉ်သော် အမုန်းဟူ၍ ဆိုစေသည်။ ဒါ့ကြောင့်ပဲထင်တယ်။ ကျွန်တော်နဲ့ “ငယ်” တို့ဟာ မမျှော်လင့်ပဲ အပေါင်းလက္ခာအဖြစ် တွေ့ဆုံ ခဲ့ကြပြီး မျှော်လင့်မထားသော အနှုတ် ကိန်းသည်ဖြင့်လည်း နောက်ဆုတ်ခွဲခွာခဲ့ရပေသည်။ 2001ခုနှစ် လောက်ကဖြစ်မည် . . .
ဟိုစဉ်က “ငယ်” နေရာ ရန်ကုန်မြို့ 31 လမ်းနှင့် အနော် ရထာလမ်းထောင့် တွင်ပိတောက်ပင် သေးသေးလေးရှိသည်။ ယင်းပိတောက်ပင်လေးသည် အခုတော့ဖြင့် ခက်လက်ဝေဖြာ လှလို့နေ သည်။ ထို ဟိုတုန်းဆီက ကျွန်တော်သည် “ငယ်” ကို စောင့်ရင်း ယင်း ပိတောက်ပင်လေးသည် ကျွန်တော့အတွက်အဖေါ် ကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ မကြာပါ ငယ်ရောက်လာသောအခါ “ငယ်” မျက်နှာဝိုင်း လေးကိုကြည့်ရင်း အစောက အဖေါ်ဖြစ်ခဲ့သော ပိတောက်ပင်လေးကို နှုတ်ဆက်ဖို့ သတိမရတော့ပေ။ သို့သော်လည်း ကျွန်တော်နှင့် “ငယ်” တို့၏ချစ်ခရီး သည်ကား တိုတောင်း လွန်းလှသည်။
ကျွန်တော်နဲ့ “ငယ်” တို့သည် ဆယ်စုနှစ်နှစ်ခုစာမကာ ကြာညောင်းခဲ့လေပြီ။ ကျွန်တော်ထက် ငယ်က သုံးလခန့်အသက်ကြီးသည် ဖြစ်၍ “ငယ်” သည်လည်းအခုဆိုရင် အသက်(၄၃) နှစ်မျှ ရှိပေမည်။ ဟိုတုန်းက ပိန်ညှပ်ညှပ်ပိတောက်ပင်လေးဟာလည်း ပင်စည်ရိုးပြိုင်း တကယ့် ပိတောက် ပင်ကြီးဖြစ်ခဲ့သည်။ အခုဆိုရင် .. . ကျွန်တော် ပိတောက်ပင်အောက်မှာစောင့်နေရစ်စရာ မလိုတော့ ပေ။ “ငယ်” မှ မရှိတော့ကိုး။ သို့သော်လည်း ရံခါ ရင်နာပျောက်လိုပျောက်ငြား ပိတောက်ပင် အောက်ကိုရောက်အောင်သွားဖြစ်ခဲ့ပါသေး သည်။ အပင်ပေါ်ခေါင်းမော့ကြည့်ရင်း စိမ်းစိုနေသော ပိတောက်ပင်ကြီးအတွက် ကျွန်တော် ဝမ်းသာမိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ငယ်ကျွန်တော့်ကို ထားရစ်ခဲ့သည့်တိုင် ပိတောက်ပင်ကြီးကတော့ ကျွန်တော့ကို သစ္စာအားကြီး စွာဖြင့် အရိပ်မိုးပေး လျှက်ရှိသည်။
သြော် . . တကယ်တော့ ကျွန်တော်က တကယ့်သစ္စာရှိတဲ့ ပိတောက်ပင်ရိပ်ကိုကြောခိုင်းပြီး တကယ့် ကို သစ္စာမရှိ သော “ငယ်” ကိုမှ ချစ်ခဲ့မိတာကိုး .. ။ အခုတော့ နောင်တရခဲ့ပြီ .. ။ ရန်ကုန်မြို့ အနော်ရထားလမ်းမကြီးရယ် 31 လမ်းရယ် ပိတောက်ပင်ကြီးရယ် .. သူတို့သုံးဦးဟာဖြင့် ကျွန်တော့ အပေါ် ဘယ်တော့မှ မပြောင်းလည်းသော ချစ်ခြင်းဖြင့် ချစ်ခဲ့ရသော တကယ့် အဖေါ်မွန်တွေပါတ ကားဟု စိတ်ထဲရေရွတ်ရင်း အခုလို နှုတ်ကအလိုလျောက်စကားလုံးတစ်ခု ထွက်ကျသွားခဲ့ လေတော့ သည် ..
“ အိပ်မက်ဆိုရင်လည်း ထားရစ်ခဲ့ပါတော့ .. ငယ်”
“ အိပ်မက်ဆိုရင်လည်း ထားရစ်ခဲ့ပါတော့ .. ငယ်”
 “ အိပ်မက်ဆိုရင်လည်း ထားရစ်ခဲ့ပါတော့ .. ငယ်”
 ဒိုးကြီး 17.7.2016






No comments:

Related Posts Plugin for WordPress, Blogger...