Thursday 23 February 2017

လောကနှင့် လောဘကို ကန့်သတ်တော်မူခဲ့သော မြတ်ဗုဒ္ဓ


ဝေရဉ္ဇရာမှာ အငတ်ဘေးဆိုးကြီးဆိုက်ရောက်နေပါပြီ  ဖြစ်ချင်တော့ ဗုဒ္ဓနဲ့နောက်ပါသံဃာတော်များဟာ ဝေရဉ္ဇရာမြို့မှာ ဝါဆိုတော်မူနေခိုက်နဲ့ ကြုံနေပါတယ် ရဟန်းတော်များဟာ အငတ်ဘေးမှာ အစာရေစာအတွက် အလူးအလဲ ဒုက္ခခံခဲ့ရပါတယ် လူတွေအနေနဲ့ကတော့ အခြေအနေအမျိုးမျိုးအပေါ်မှာ လိုက်လျောညီထွေအောင် ဖန်တီးပြီး အငတ်ဘေးကို ခုခံကာကွယ်နိုင်ပေမယ့် သလုံးမြင်းခေါင်းဖြင့် သပိတ်ပိုက်ကာ အဟာရကိစ္စကိုဆောင် ရွက်ရသော ရဟန်းတော်များအတွက်တော့ အခက်အခဲဆုံးအခြေအနေဆိုးတစ်ခုပါပဲ။
မြို့ထဲကို ဆွမ်းခံကြွတော်မူရာမှာ ပြည်သူတွေကိုယ်တိုင်က ငတ်နေကြတော့ ရဟန်းတော်များကို ဆွမ်းလောင်း ဖို့ရန် မတက်နိုင်ကြပါဘူး အဆိုးထဲကက အကောင်းတစ်ခုကတော့ ဝေရဉ္ဇရာမြို့မှာ မိုးဝင်ခိုကြတဲ့ ကုန်သည်များ က ရဟန်းတော်များအတွက် သူတို့မြင်းတွေစားဖို့ရိက္ခာဖြစ်တဲ့ မုယောဆန်တွေကို လှည်းတစ်စီးကို တစ်စလယ် ခန့်စီ အလှည့်ကြ နေ့စဉ်လှူဒါန်းတော်မူခဲ့ပါတယ်။
ရဟန်းတော်များကလည်း ယင်းမုယောဆန်တွေကို အားလုံးလုံလောက်မျှတအောင် သုံးဆောင်နိုင်ဖို့အတွက် အမှုန့်ကြိတ်ပြီး ဆန်အမှုန့်ကိုသာ ဝမ်းမီးငြိမ်းစေဖို့ ဘုန်းပေးသုံးဆောင်ခဲ့ကြပါတယ်။
နေ့စဉ် ရဟန်းတော်များဟာ လှည်းကုန်သည်များထံကရလာတဲ့ တစ်စလယ်သော မုယောဆန်တွေကို အရံ အတွင်းမှာ ဆုံထဲထည့်ထောင်းရပါတယ်။
“ ထုံ ” “ တုံ ”
“ တုံ ” “ ထုံ ”
“ ထုံ ” “ တုံ ”
ကြမ်းတမ်းသော မုယောဆန်နှင့် ဆုံ၏ကျည်ပွေ့သံတို့ဟာ မာခြင်း တင်းခြင်းတို့၏သတ္တိကို အသံအဖြင့် ပြောင်း လဲ သက်သေခံနေကြပါသည်။
တစ်နေ့တော့ ယင်းဆုံသံသည် အသျှင်အာနန္ဒာနှင့် ဗုဒ္ဓတို့အတူရှိနေခိုက်အချိန်မှာ . . .
“ ထုံ ” “ တုံ ”
“ တုံ ” “ ထုံ ”
“ ထုံ ” “ တုံ ”
“ အာနန္ဒာ ”
“ အခု ကြားနေရတဲ့ ဆုံသံ ဟာ ဘာကြောင့် မြည်နေရတာတုန်း”

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား”
“ ထို ဆုံသံသည် အခြားမဟုတ်ပါ”
“ လှည်းကုန်သည်များထံမှ ဆွမ်းအလို့ငှာ ရသော မုယောဆန်တို့ကို ရဟန်းအများစု လောက်ငှစေရန်အတွက် ကျောက်ဆုံဖြင့်ထောင်းကာ အမှုန့်ပြုကြပါသည်ဘုရား ယင်းမုယောဆန်မှုန့်အား အသျှင်ဘုရားအား နေ့စဉ်ဆပ် ကပ်၍ သံဃာများသည်လည်း ဝေမျှ ဘုန်းပေးကြပါသည်ဘုရား”

“ အို  ..  ”
“ အာနန္ဒာ”
“ ကောင်း ပေ စွ ”  “ ကောင်း ပေ စွ”
“ သူတော်သူမြတ်ဖြစ်ကုန်သော သင်တို့သည် (အစာခေါင်းပါးခြင်း လိုချင်ခြင်း အလိုဆိုးသို့ လိုက်ခြင်းကို) အောင်နိုင်ကြကုန်၏” “ နောင်လာနောက်သားများ သည်ကား သလေးသွားပြွန်းဆွမ်းကိုပင် အထင်သေးကြလိမ့် ဦးမည်”

အာနန္ဒာသည် ဗုဒ္ဓ၏ ချီးမွန်းသံနှင့် နောင်လာနောက်သားရဟန်းတော်များ၏ အလိုဆန္ဒကို သိလိုက်ရ၍ ရင်ထဲ တွင် ပီတိနှင့်စိုးရိမ်စိတ်တို့ တစ်ချိန်တည်း တစ်သားတည်း ခံစားလိုက်ရသည်။ ဗုဒ္ဓဟူသည် ကာကီဝင်မင်းမျိုးမှ ဖြစ်လာရသူမို့ မင်းသားဘဝတစ်လျှောက်လုံး အကောင်းဆုံး အမွန်ဆုံး အနူးညံ့ဆုံးသော အထွန်အမြတ်အမွန် တို့ဖြင့် နေလာခဲ့ရသူဖြစ်သည် ယခုမူ သူကိုယ်တိုင်နှင့် နောက်ပါရဟန်းတော်များအားလုံး မြင်းများသာစားသုံး ရန် ရိက္ခာဖြစ်သော မုယောဆန်ကို သုံးဆောင်နေကြရသည်။
သို့တိုင်အောင် လောက၏ လောကဓံကို ကိုယ်တော်တိုင် သည်းခံတော်မူသကဲ့သို့ ရဟန်းတော်များကိုလည်း သည်းခံနိုင်စွမ်းရှိအောင် သွန်သင်တော်မူခဲ့သည်။ တကယ်ဆို အတုမဲ့သော ဗုဒ္ဓအတွက်လည်းကောင်း နောက် ပါသံဃာများအတွက်လည်းကောင်း ဆွမ်းကိစ္စဟူသည် အထူးဖန်ဆင်းရန်မလိုအပ်ပေ ၊ သို့သော်လည်း လောက ကို လောကအတိုင်း ရှု့မြင်တက်ရန် ဗုဒ္ဓသည် နောက်ပါရဟန်းတော်များ ဆွမ်းကိစ္စအတွက် ပေါ့ပေါ့ပါးပါး အဆင်ပြေသလို ရပ်တည်နိုင်ရန်အတွက် အခုလို ကြောင့်ကြမဲ့နေခြင်းသာဖြစ်သည်။
အာနန္ဒာနှင့် ဗုဒ္ဓတို့  အခုလို စကားလက်ဆုံကြနေချိန်တွင် အရှင်မဟာမေဂ္ဂလ္လာန်သည် အနီးအပါးချည်းကပ်၍ ဗုဒ္ဓအား မဝံ့မရဲဖြင့် စကားဆိုလိုက်သည်  ..

“ ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား”
“အခုအခါမှာ ရဟန်းတော်များ ဆွမ်းကိစ္စသည် သပိတ်ဆွဲ၍မရနိုင်တော့သောအခြေအနေရောက်နေပါပြီဘုရား”
“ဝေရဉ္ဇရာမြို့ဟာ တစ်မြို့လုံးအနှံ့ အငတ်ဘေးနှင့်ကြုံနေရပါပြီဘုရား”
“သို့ဖြစ်ပါသောကြောင့် ပျားကောင် ပျားဥမရှိသော်လည်းပဲ ဤမြေအောက်မြေလွှာပြင်ဟာ ချိုမြိန်လှသည်ဖြစ်၍ ဘုရားတပည့်တော် ဤမြေကြီးအား လှန်လိုပါသည်ဘုရား ရဟန်းတော်များ ထိုမြေဆီမြေဇာမြေသြဇာကို သုံး ဆောင်နိုင်ခြင်းဖြင့် သက်သာဖွယ်ရန်အကြောင်းရှိပါသည်ဘုရား”

“ မောဂ္ဂလ္လာန် ”
“ ဒါဆိုရင် ဒီမြေပြင်ပေါ်မှာရှိနေတဲ့ သတ္တဝါတွေကို ”
“ မင်း ဘယ်လို ပြုပြင်ဖန်တီးမလဲ”

“ မှန်လှပါဘုရား ”
“ ဒီကိစ္စဟာ လွယ်ကူပါတယ်ဘုရား ”
“ဘယ်ဖက်တစ်ဘက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပြီး”
“ယင်းဘယ်လက်ပေါ်ဝယ် မြေပေါ်ရှိသတ္တဝါမျိုးစုံကိုနေနိုင်ရန်ဖန်တီးပါမယ်”
“နောက် ကျန်လက်တစ်ဖက်နဲ့ မြေဆီလွှာကို လှန်လိုက်ရင် အဆင်ပြေပါတယ်ဘုရား”

အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုမျှလောက်တန်ခိုးတော်ကြီးသကဲ့သို့ အစီမံပြုလုပ်ရာမှာလည်း ဤမျှလောက် ဉာဏ်ကြီးတော်မူပါပေသည် ၊ တန်ခိုးရှိပေမယ့် ယင်းသို့ စနစ်တကျ စီမံဖန်တီးဖို့ရာမှာ ဉာဏ်ပညာလည်းလို သေးသည် ဉာဏ်မပါက တန်ခိုးဖြင့်ဖန်ဆင်းရာမှာ အဆင်မပြေနိုင်ပေ တန်ခိုးအရာနှင့်ဉာဏ်အရာတို့ ကို အခုလို အသျှင်မဟာမောဂ္ဂလ္လာန်ကဲ့သို့ နည်းစနစ်တကျ ပြုလုပ်ရန် မလွယ်ကူသော သာဓကတစ်ခု ဖြစ်ခဲ့ဖူးသည်။

ခုနှစ်အရွယ် ကိုရင်ကလေးသည် နတ်ပြည်တက်၍ ဆွမ်းခံကြွတော်မူသည် နတ်ပြည်သို့တက်နိုင်လောက်သော တန်ခိုးသည် ယင်းကိုရင်ကလေး၌ရှိနေသည် နတ်သမီးတို့က သူတို့နတ်ပြည်သို့ အခုလို သူ့တို့သားအရွယ်ကိုရင် ကလေးကို မြင်လိုက်ရသောကြောင့် အလွန်မတန် ကြည်ညိုတော်မူခဲ့ကြသည် ပုထုဇဉ်နတ်သမီးများမို့ ကိုယ့် သားရင်းကဲ့သို့ ချစ်တော်မူကြသော ချစ်စိတ်လည်း ကိုယ်စီရှိနေကြသည်မို့ သပိတ်ပိုက် သင်္ကန်းတော်သပ်ရပ်စွာ ရုံတော်မူခါ နတ်ပြည်သို့ ဆွမ်းခံကြွလာတော်မူသော ကိုရင်ကလေးအား သားတည်းဟူသော ချစ်သောစိတ်ဖြင့်  ဆွမ်းမလောင်းသေးဘဲ ကြည်စယ်တော်မူကြပါတော့တယ်  ..

“ဟယ်  . .”
“ ဒီ ကိုရင်ပေါက်စလေးက တို့နတ်ပြည်တောင် တက်လာနိုင်ပါလား”
အခုလို တစ်ပါးသော နတ်သမီးပျိုကဆိုတော်မူသောအခါ နောက်သော နတ်သမီးပျိုများကလည်း ထို့နည်းအတူ

“ကိုရင်ကလေးကနော်”
“ တို့ နတ်ပြည်က နတ်သားထက်တောင် ပို ချောသေးရဲ့ ..  ဟယ် ”

အရိယာနွယ်ဇာတ် ကိလေသာနှပ်ကို အပြီးသတ်နှုတ်ဖြတ်ပြီး၍ အရဟတ္တမဂ်အရဟတ္တဖိုလ် ဈာန် အဘိဉာဉ် နှင့်တွက် တန်ခိုးအရာထူးမြတ်သာသော ကိုရင်ကလေးသည် ဆွမ်းမလောင်းဘဲ သူ့အား  ကြည်စယ်နောက် ပြောင်နေကြသော နတ်သမီးများအား ဆွမ်းလောင်းရန်အလို့ငှာ ရဟန်းကြီးအသံဖြင့် ချောင်းဟန့်ကာ  ..

“ တယ် ”
“ ဒီ နတ်သမီးတွေ ခက်ပါရော့လား”
“ ဆွမ်းလောင်းရမှာ ဆွမ်းမလောင်းဘဲ ကြည်စယ်နေကြသကိုး ”

ထိုသို့ အရိယာဇာတ်ကိုရင်မြတ်၏ အသံတော်ကိုပါ ကြားလိုက်ရသော နတ်သမီးပျိုတို့သည် သားတူအရွယ် ကိုရင်ကလေးအား ပို၍ပင် ကြည်ညိုတော်မူခဲ့ကြသည် ကြည်ညိုကြသော်လည်းပဲ ကိုရင်လေးအား အရိယာဟူ သောစိတ်ထက် တူသားဟူသော ပုထုဇဉ်ချစ်စိတ်က အနိုင်ရသည်မို့ ကိုရင်ကလေးအား ပို၍ နောက်ကြ ကြည် စယ်ကြပေသည်။ အရိယာဇာတ်သားတို့သည် ကြီးသည်ငယ်သည်မခွဲခြား တည်ကြည်သော တည်ငြိမ်သော ဣနြေ္ဒရေတို့ကတော့ မခြားနားကြပေ ၊ ထိုမျှလောက်တူသားအရွယ် ကိုရင်ကလေးသည်ပင် အရိယာဇာတ်တို့၏ ထုံးစံအတိုင်း စက္ခုံဣနြေ္ဒချ၍ သပိတ်ပိုက်နေပုံသည် ပုထုဇဉ်နတ်သမီးများအတွက် အအေးဟန် အအေးဈာန် ကြည့်၍မဝ ရှု၍မနိုင် ထို့ကြောင့်လည်း နတ်သြဇာနတ်ဆွမ်းတို့ကို မလောင်းလှူနိုင်ကြသေးဘဲ ကြည်ညိုသော စိတ်ဖြင့် ကိုရင်ကလေးကို ကြည်စယ်တော်မူနေကြသည်။
တစ်ဖက်မှာက ကိုရင်ငယ်ဖြစ်သော်လည်း ဈာန်နှင့်တကွပြီးသောတန်းခိုးရှင်ကိုး ၊ ထို့ကြောင့် ပုထုဇဉ်အသွင် အပြင်ကင်းမဲ့ပြီး မောဟရှင်းတာမို့ အခုလို ပြတ်သားသောအသံဖြင့် နတ်သမီးတို့ကိုဆိုလိုက်သည်  .

“ တယ်  . . ဒီ  .. နတ်သမီးတွေ ခက်ပါရော့လား”
“ဆွမ်းခံချိန် ဆွမ်းလောင်းရန် ကြွာလာတာကို အခု ဆွမ်းမလောင်းကြဘူး”
“ သင်တို့ နတ်ဘုံဗိမာန်ကို ခြေမနဲ့ ညှပ် ဆွဲလှုပ်လိုက်မယ်နော် ”

အရိယာဇာတ်ကိုရင်မြတ်က ဒေါသဖြင့်ပြောသည်မဟုတ်ပေ ဆွမ်းကိစ္စအတွက် အမြန်ကိစ္စပြီးရန်ဆိုလိုက်ခြင်း သာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကိုရင်ကလေး၏ အသံတော်ကို ကြည်ညိုတော်မူကြပြန်သော နတ်သမီးအချို့ က ကိုရင်လေးပြောလိုက်တာကို ကြောက်ရမည့်အစား ချစ်သောစိတ်ဖြင့် အခုလို ကြည်စယ်လိုက်ပြန်တယ် . .

“ကိုရင်လေးက သေးသေးလေး”
“တပည့်တော်တို့ နတ်ဘုံဗိမာန်က အကြီးကြီး”
“ လှုပ်လို့ရလည်း လှုပ်ပါ တော်  . .”
“ တပည့်တော်မတို့က ခံလိုက်ရုံပေါ့ ဘုရာ့”
ဒီနေ့အဖို့တော့ အရိယာဇာတ်ကိုရင်မြတ်အတွက် နတ်ဆွမ်းနတ်သြဇာက ရဖို့မမြင်တော့ပေ နတ်သမီးများက လည်း သူတို့နတ်ပြည်ကို အခုလို ဆွမ်းခံကြွသော ရဟန်းသာမဏေဆိုတာ အလွန်ရှားသမို့ ရှားသည့်အထဲအခု လို ပုစိကွေးကိုရင်လေးများ တတ်လာနိုင်သည်မှာ ခဲယင်းလှသည်။ ထို့အတွက် ဆွမ်းလောင်းဖို့ထက် ကိုရင်လေး ပြန်ကြွမှာကိုပဲ သူတို့စိတ်ထဲ စိုးနေကြသည်၊ ဖြစ်နိုင်ရင် ကိုရင်လေးကို သူတို့ဘုံဗိမာန်မှာတင် ဆွမ်းကပ်ချင်ကြ ည် ၊ နတ်၌ဖြစ်သော နတ်သြဇာ နတ်သုဒ္ဓါဆွမ်းတို့ကို ကိုရင်လေးအား သူတို့ရှေ့မှောက်တင် ဘုန်းပေးသုံး ဆောင်စေလိုသော ဆန္ဒအာသီသက ပြင်းထန်ကြသည်ကလည်း တစ်ကြောင်းဖြစ်သည်။ ထို့ကြောင့် ကိုရင်လေး ကိုအခုလို ကြည်စယ်ကလူနေကြခြင်းဖြစ်သည်။
သို့သော်လည်း အရိယာဖြစ်သောကိုရင်လေးအတွက်က အချိန်သည်တန်ဘိုးရှိသည် ခန္ဓဝန်ကိုထမ်းနေရသော ဒုက္ခသစ္စာကို သိတော်မူပြီးဖြစ်သည်အလျှောက် အပိုစာတားအချိန်တွေကို မဆုံးစေချင်ပေ ထို့ကြောင့်နတ်သမီး များကို ဆွမ်းအမြန်လောင်းရန် မိန့်လိုက်ခြင်းဖြစ်ပါတယ် ယင်းတွင် နတ်သမီးတွေက သူမိန့်လိုက်သောစကားကို ပင် အထအနကောက်ကာ သူ့စကားဖြင့် သူ့ကိုပြန်၍ ပြောနေ နောက်နေကြသည်မို့ ကိုရင်လေးသည် နတ်သမီး များ ဆွမ်းအမြန်လောင်းရန်အတွက် သူတို့ရှေ့မှာပင် သပိတ်ပိုက်၍ တန်းခိုးဖြင့် နတ်သမီးတို့နေရာ ဗိမာန်ဖျားသို့ တက်လိုက်သည် ပြီးနောက် ဗိမာန်ဖျားအား ခြေမဖြင့် ညှပ်ကာ လှုပ်လိုက်သည်။

“ကြွီ  ..  ကျွိ ”
“ကြွီ  ..  ကျွိ ”
အသံတော့ကြားလိုက်သည် သို့သော် ဗိမာန်က တုတ်တုတ်မျှမလှုပ်ပေ ထိုအခါ နတ်သမီးများက တဝါးဝါးတ ဟား ဖြင့် ရယ်တော်မူကြပါတော့တယ်။
“ ဟား  ..  ဟား  ..  ဟား  .. ”
“ ဟိ  . .ဟိ  . .ဟိ ”
ကိုရင်လေးသည် တစ်ကြိမ်လှုပ်တယ်  . .. သို့သော်  .. ဗိမာန်က မလှုပ်ပါ နှစ်ကြိမ်မြောက် လှုပ်ကြည့်တယ် ဒါ ပေမယ့် ဗိမာန်က လုံးဝ မလှုပ်ပါ သုံးကြိမ်ရှိပြီ ထိုသုံးကြိမ်မြောက်လည်းပဲ ဗိမာန်သည်မလှုပ်သေး အရိယာဇာတ် ကိုရင်လေးသည် သူဆရာသင်ကြားပေးလိုက်သော အဘိဉာဉ်ကို တိကျစွာအသုံပြုပါသော်လည်း ဗိမာန်သည် လုံးလုံးမျှမလှုပ်ပေ ၊ ထို့ကြောင့် အဘိဉာဉ်နှင့် အသိဉာဏ်တို့သည် အချိုးညီစွာအသုံးပြုတက်မှသာ တန်ခိုးရှင်တို့ ၏ မိမိတို့ ဖန်ဆင်းလိုသောကိစ္စသည် အလွယ်တကူအဆင်ပြေစွာ အောင်မြင်ပြီးစီးနိုင်သည်ဖြစ်သည် တန်းခိုး သာရှိ၍ အသိဉာဏ်အတွေ့အကြုံမရှိပါက အခုကိုရင်လေးကဲ့သို့ ဗိမာန်ကို ခြေမတော်ဖြင့် ညှပ်၍လှုပ်သော် လည်း မလှုပ်ဘဲနေတော့မည်။
ထို့ကြောင့် ဝေရဉ္ဇရာမြို့၏ အငတ်မွတ်ခေါင်းပါးသော ဘေးကပ်ဆိုးတွင် အသျှင်မဟာမေဂ္ဂလ္လာန်၏ မြေဆီလွှာ ကို အထက်အောက်လှန်မည်ဆိုသောကိစ္စတွင် ဘုရားရှင်က ဘယ်လိုစီမံမလဲဟု မေးသောအခါ လက်တစ်ဖက် ပေါ်တွင် မြေလွှာတစ်ခုကို ဖန်ဆင်းပြီး မူလမြေလွှာပေါ်ရှိ သတ္တဝါမျိုးစိတ်ပေါင်းများစွာတို့ကို အနေအစား အသိုက် အအုံမပျက်စေဘဲ ဖန်တီးပေးမည် ကျန်လက်တစ်ဖက်ဖြင့် မူလမြေဆီလွှာအား လှန်ပစ်မည်ဟု လျောက်ထားတော်မူသောကိစ္စသည် ဉာဏ်အရာပင်ဖြစ်သည် တန်ခိုးအရာသည် ပြုလုန်ဖန်တီးခြင်းဖြစ်ပြီး ဉာဏ်အရာကတော့ မိမိပြုလုပ်မည့်ဖန်တီးမည့်ကိစ္စတွင် အကောင်းဆုံးအမြန်ဆုံးနှင့် မည်သူတစ်ဦးတစ်ယောက် မှ ကသိကအောက်မဖြစ်ရန် ဒုက္ခမသင့်ရန်အတွက်ဖြစ်သည် ယင်းဉာဏ်ရှိမှသာ မိမိဖန်ဆင်းလိုသောကိစ္စသည် အများတွက် လိုက်လျောညီထွေမှုဖြစ်စေမှာပါ။
အခု အရိယာဇာတ်ကိုရင်မြတ်လေးသည် တန်ခိုးအရာသည် ပြောဖွယ်ရာမရှိပေ နတ်ပြည်သို့ပင် အင်ဂျင်စက် မပါဘဲ ရောက်အောင်လာနိုင်လေသည် ထိုမျှတန်ခိုးအရာနှင့်ပြည့်စုံပါသော်လည်း ဗိမာကိုလှုပ်ခါရမ်းစေဖို့ အတွက် အတွေ့အကြုံနှင့်ဉာဏ်အရာကတော့ လိုနေသည် ဗိမာန်သည် ကိုရင်လေးမှာ တန်ခိုးမရှိ၍ မလှုပ်ခါ သည်မဟုတ် လှုပ်နည်းလှုပ်ဟန်မကျ၍ မလှုပ်ဘဲနေခြင်းသာဖြစ်ပါသည်။
အကယ်၍ ဗုဒ္ဓသည် အသျှင်မဟာမေဂ္ဂလ္လာန်မှ စနစ်မကျသော ဉာဏ်မပါသောနည်းဖြင့် မြေဆီလွှာလှန်မည်ဆို ပါက လက်ခံမည်မဟုတ်ပေ အခုတော့ အသျှင်မဟာမောဂ္ဂလ္လာန်သည် တန်ခိုးလည်းပါ ဉာဏ်လည်းသာတော့ သည် သို့ပါသော်လည်း ဗုဒ္ဓသည် အသျှင်မဟာမောဂ္ဂလ္လာန်၏ စကားကို လက်မခံ အခုလိုငြင်းဆန်ခဲ့ပါတယ်

“ မြေကြီးကို လှန်ရန် မသင့်ဘူး မောဂ္ဂလ္လာန်သည်”
“ဤသို့ လှန်ခဲ့သည်ရှိသော် သတ္တဝါတို့သည် အထင်အမြင်မှောက်မှားပေလိမ့်မယ်”
ဗုဒ္ဓ၏စကားသည် များစွာသောအနက်ကိုဆောင်နေသည် နောက်ခေတ်သတ္တဝါတို့သည် ဗုဒ္ဓမြတ်စွာအား အစာ ရေစာငတ်မွတ်မှုကို သည်းခံတော်မူနိုင်သော စွမ်းအားမရှိရကောင်းလားဟု ကဲ့ရဲ့တော်မူကြမည် ရဟန်းတို့သည် သူတို့အသက်ရှင်ရေးအတွက် အငတ်ဘေးနှင့်ကြုံလာသောအခါ မြေဆီလွှာတောင် လှန်လှောကြသည်ဟုလည်း ရှုတ်ချလိုသူတို့က ရှုတ်ချနိုင်ကြသည်။ ဒီထက်လေးနက်သော အနက်အဓိပ္ပါယ်များစွာသည် ဗုဒ္ဓ၏သဗ္ဗညုတ ဉာဏ်တွင် ရှိနေပေဦးမည်။
ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ဗုဒ္ဓအား တစ်နည်းမရနောက်တစ်နည်း စဉ်းစားကာ အခုလိုလျှောက် ထားပြန်ပါတယ်  . .
“ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား”
“ သံဃာကိုယ်စား တပည့်တော် တောင်းပန်ပါ၏ ”
“ထို အားလုံးသော သံဃာများ မြောက်ကျွန်းသို့ ဆွမ်းခံကြွခွင့်ပြုတော်မူပါဘုရား”
တန်ခိုးရှင် အသျှင်မဟာမောဂ္ဂလ္လာန်သည် သံဃာတွေ ဆွမ်းငတ်နေရသော ကိစ္စအတွက် များစွာကရုဏာသက် တော်မူသောကြောင့် ဗုဒ္ဓအား သူစွမ်းနိုင်သော တန်ခိုးအရာဖြင့် ဆွမ်းကိစ္စကို သံဃာတော်များအတွက် စီမံဖန် တီးရန် ခွင့်ပန်နေခြင်းဖြစ်သည်။
ဒါဆိုရင် ဒီနေ့က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော အကြောင်းအချင်းအရာကိစ္စကို သတိထားမိသည် ထိုဝတ္ထုသာ ဓကတို့ဖြင့် ချိန်ထိုးမိသည် အာဏာရှင်တို့လက်ထက်တွင် သံဃာတော်များ သေနတ်ဘေး ဒုတ်ဘေး ဒါးဘေး စသည့်ဘေးတို့ဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် အနီးစပ်ဆုံး ၂၀၁၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ရာနှင့်ချီသော သံဃာထုတို့ စစ်ဖိနပ်၏အောက်မှာ ပြားပြားမှောက်ခဲ့ရသည် ခေါင်းဆောင်ဟုတာဝန်ယူဂုဏ် ထူးဝိသေသပြုထားသော ရဟန်းသံဃာတို့ ရှိခဲ့ပါသလား ? ရှိခဲ့သော ဘာ့ကြောင့် သံဃာများ အသက်ဘေးကို ရတက်မအေးစွာဖြင့် အာဏာရှင်အစစ်အစိုးရအား ကြားဝန်ဖြန်ဖြေခြင်း သက်ညှာစွာပြုလုပ်စီမံရန် အကြံမပေး ခဲ့ကြပါနည်း ကမ္ဘာလူထုမြင်သာသော ကတ္တရာလမ်းမပေါ်တွင် သေနတ်ဖြင့် သံဃာထုအား ပစ်နေခြင်းကို ပန်း ပွင့်နှင့် ပစ်နေသည်ဟုများ ထင်နေသလော? သို့တွင်မက မုံရွာမြို့နယ် လက်ပတောင်းတောင်ဒေသတွင် သံဃာ များနေသောနေရာသို့ မိုးမလင်းညချင်း မီးလောင်ဗုံးဖြင့်ထုသတ်ခဲ့ပြန်သည် အဘယ်သောသံဃဥသျှောင်တို့ သည် ဦးသိန်းစိန်အစိုးရအား ကန့်ကွက် တားမြစ်ခဲ့ကြပါသနည်း။
ယခု ဝေရဉ္ဇရာ၏ အငတ်ဘေးတွင် သံဃာတို့ ထိုကဲ့သို့ မသေမပျောက်ကြသေးသော်လည်း အသျှင်မဟာမော- ဂ္ဂလ္လာန် သည် ကြောင့်ကြမဲ့မနေခဲ့ သူနိုင်ရာဖြင့် သံဃာဝန်ကိုထမ်းတော်မူရန် စေတနာသတ္တိသဒ္ဓါစိတ်ဖြင့် ဗုဒ္ဓ မြတ်စွာအား လျှောက်ထားတော်မူနေခြင်းဖြစ်သည်။ ထို ဝေရဉ္ဇရာအငတ်ဘေးတွင် သံဃာထုနှင့်အတူ အကြီးအ မှူးဖြစ်သော ဗုဒ္ဓမြတ်စွာရှိနေသည်ဖြစ်၍ အသျှင်မဟာမောဂ္ဂလ္လာန်သည် တပည့်ငယ်အဆင့်သာဖြစ်သည် ဆရာ ဖြစ်သော ဗုဒ္ဓခိုင်းမှသာ လုပ်ရမည်ဖြစ်သည် ဆရာကိုယ်တော်တိုင် မသိကျိုးကျွံပြုနေသောကိစ္စတွင် များစွာ သောအကြောင်းအချင်းအရာတို့ ရှိနေသည်ကို အရိယာဇာတ်ဖြစ်သော အသျှင်မဟာမောဂ္ဂလ္လာန်သည် ရိပ်မိပါ သည် ထိုသို့ရိပ်မိပါသော်လည်း ငတ်ပြတ်နေသော သံဃာ၏ ဒုက္ခကို တစ်ဖက်တစ်လမ်းမှ သက်သာရန်အတွက် ဗုဒ္ဓကို လျှောက်ထားနေခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒကို တကယ်လေ့လာကျင့်ကြံနှလုံးသွင်းသူသည် သံဃအရေးသည် ကိုယ့်အရေးဖြစ် သည် သံဃကိစ္စသည် ကိုယ့်ကိစ္စဖြစ်သည် သံဃာတွေအစာရေစာ ငတ်နေခြင်းသည် ကိုယ်ငတ်နေခြင်းသာဖြစ် သည် အာဏာရှင်စစ်အစိုးရတို့ သံဃာတွေကို သတ်ဖြတ်ထောင်ချနေခြင်းသည် ကိုယ့်အားထောင်ချနေခြင်းသာ ဖြစ်သည်ဟု ဒီသုတ္တံက ထုန်ပြန်ညွှန်ကြားနေခြင်းဖြစ်သည်ဟု ကောက်ချက်ချမိသည်။
အခုတွင် အသျှင်မဟာမောဂ္ဂလ္လာန်၏ မြောက်ကျွန်းသို့ သံဃာများဆွမ်းခံကြွခွင့်တောင်းရာတွင် ဗုဒ္ဓက  .

“ မသင့်လျော်ပါဘူး မောဂ္ဂလ္လာန် ”
“ရဟန်းသံဃာများ မြောက်ကျွန်းကို ဆွမ်းခံသွားမည့်ကိစ္စကို မင်း မနှစ်သက်ပါနဲ့”
ဗုဒ္ဓ၏ စကားအဆုံးဝယ်  အသျှင်မဟာမောဂ္ဂလ္လာန်အတွက် ခက်ခြေပြီ  .. မြေလှန်မည်ဆိုတော့လည်း ခွင့်မပြု မြောက်ကျွန်းကို ဆွမ်းခံကြွဖို့ လျှောက်ထားပြန်တော့လည်း  “ မင်း မနှစ်သက်ပါနဲ့ ” တဲ့။

ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်အရာကို သာဝဉာဏ်မျှသာရှိသော အသျှင်မဟာမောဂ္ဂလ္လာန်သည် မရိပ်မိနိုင်၍ ဗုဒ္ဓ၏တား မြစ်ခြင်းကို ဆိတ်ငြိမ်စွာဖြင့် နေခဲ့ရပါတယ်။
ဝေရဉ္ဇရာ၏ အငတ်ဘေးမှာ ဘယ်ရဟန်းတစ်ပါးမျှ သေဆုံးလောက်သောကိစ္စမရှိနိုင်ဘူးဆိုတာကို ဗုဒ္ဓသိ၍တား မြစ်တာလား? သို့တည်းမဟုတ် ဗုဒ္ဓသည် သူတည်ထောင်တော်မူသော ဗုဒ္ဓဝါဒတွင် နောက်နောင်သောသာဝက တို့သည် အစာအဟာရဘေးနှင့်ဆုံသော် မလျော်သြဇာကိုသုံးခြင်း မလျော်သောအစီမံတို့ကိုဖန်တီးခြင်း စတဲ့ ဝိနနည်းကံတို့ကို ထိမ်းကြောင်းစေလိုသော message ပေးချင်သောကြောင့်လည်းဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒဟူသည် ထိုသို့သောအကြောင်းအရာတို့ကို ဖတ်ရှုရ၍ လောဘအလိုဆိုး နောက်သို့ မလိုက်ကြရန် တားမြစ်တော်မူခြင်းပင်ဖြစ်သည် ဘဝဟူသည် တိုတိုလေး ထိုတိုတောင်းသောဘဝ ကိုယ်စီတွင် ကိုယ့်အတွက်နဲ့ အခြားသော တိုင်းကားပြည်သူသတ္တဝါဝေနေယျတို့ ကိုယ်စိတ်မဆင်းရဲစေလိုသော ဝါဒဟု ကောက်ချက်ချ၍ရသည်။
ထို့ကြောင့် ရဟန်းခေါ်ဘိက္ခုအစစ်တို့သည် လောဘနောက်သို့ မလိုက်ကြချေ လောဘကိုမသာယာကြ ဝိနယကံ နှင့် ပစ္စယကံတို့ကို စိုးစဉ်းမျှ မလဲလှယ်ကြဘဲ အဝိနယကံကိုစောင့်ထိမ်းတော်မူကြခြင်းဖြစ်သည်။ မင်းကိုးကွယ် သော မင်းဆရာတော်ထက် ဘုရားအားကိုးကွယ်သော ဘုရားသာသာနာကိုသာငဲ့တော်မူကြသည် ပိဋကတ်ကို လေ့လာသော် ဓမ္မကောက်ချက်သည် ယင်းပင်ဖြစ်သည်။
ရဟန်းခေါ်ဘိက္ခုအစစ်တို့သည် ဘုန်းကြီးသောဘေးကိုသာကြောက်ကြသည် ဘုန်းမဲ့သောဘေးကိုမကြောက်ကြ ဆွမ်းကွမ်းအတွက် ဂဃန်းပေး ရဟန်းတေးကိုမသီဆိုကြ ဝိနယမှာသာတည်ကြသည် ထိုအရှင်ကောင်းအရှင် မြတ်တို့သည် အငတ်ဘေးအသက်ဘေးနှင့်ဆုံလာသော် ဝိနယကံကိုအလေးပြု အသက်ကိုအမှုမဲ့ဖြင့် သံဃာရတနာပီထိုက်စွာ တည်တော်မူကြကုန်ရာသတည်း  . . . ။
အမှာစကား  . .
 ဗုဒ္ဓ၏ဓမ္မအားကျင့်ကြံတော်မူကြကုန်သော သံဃာရတနာမြတ်ဆရာတို့အား ဤဆောင်းပါးဖြင့် ကန်တော့သကဲ့သို့ မိမိအား ပါဠိစာပေကို စတင်သင်ကြားလမ်းမှန်ပြခဲ့သော ဖခင်ကြီးဦးလှစံအားလည်း  . . .။
ကိုးကား  .. .
ဝိနယပိဋကတ်
ပါရာဇိကဏ်ပါဠိတော်
ဝေရဉ္ဇရာကဏ္ဍ
ဒိုးကြီး(ဝိဘဇ္ဇ) 23.2.2017-6း15Pm






No comments:

Related Posts Plugin for WordPress, Blogger...