Friday 12 February 2016

နှုတ်ဆက်စကား .. . ဆိုခဲ့ပါ

မိမိတို့သည် ရွေ့လျားနေသော ကမ္ဘာကိုအမှီပြုရင်း ကိုယ်တိုင်လည်း
ရွေ့လျား၍ နေရချေသည်။ မိမိတို့အား အစဉ်လိုက်ဖြင့်သော် လည်း
ကောင်း ဖီလာဆန့်ကျင်၍သော်လည်းကောင်း ဘိုးဘွားမိဘဆရာသမား
ညီအစ်ကိုမောင်နှဆွေမျိုးသားချင်းမိတ်ဆွေသင်္ဂဟတို့သည် လမ်းခွဲသွား
ခဲ့ကြသည်။

ယင်းလမ်းခွဲခြင်းတွင် . ..
လက်ပြနှုတ်ဆက်ခွင့် ရလိုက်သော လမ်းခွဲခြင်း နှင့် လက်ပြခွင့်မရသော
လမ်းခွဲခြင်းဟူ၍ နှစ်မျိုးရှိ၏။
လမ်းခွဲခြင်းအမည်နာမ ကွဲလွဲစေကာမူ လမ်းခွဲခြင်းဟူသည်ကား အ
ဘယ်မျှ ကြေကွဲဖွယ်ရာ နာကျည်းဖွယ်ရာ ရင်နင့်ဖွယ်ရာ စသော ခံစားမှု
ဒုက္ခဝေဒနာတို့သည် ဖြေသိမ့်၍မရသာ ဖွဲ့ဆို၍ မရနိုင်သောနှလုံးသား၏
ဒါဏ်ရာဒါဏ်ချက်ပေတည်း။

စာရေးသူသည် ဤခံစားချက်အား လူမှန်းသိသည်နှင့်ပင် အမှတ်တမဲ့မှ
အမှတ်တရသို့ သိလိုက်ရသော မရဏနုဿတိသညာပင်ဖြစ်သကဲ့သို့
ယင်းလမ်းခွဲခြင်း၏ ဝိဘဇ္ဇသညာကို မည်သူတစ်ဦးတစ်ယောက်၏ တိုက်
တွန်းစေ့ဆော်ချက်မပါဘဲ လေ့ကျင့်နေ့တက်ပါသည်။ ထိုသည်ကို ဗုဒ္ဓက
မရဏာနုဿတိဟု ဆိုသည်။

ဆယ်စုနှစ်နှစ်ခုအတွင်းမှာ . . . .
ဖခင်ကြီးဦးလှစံသည် စာရေးသူအား နှုတ်ဆက်စကားမဆိုခဲ့ပါပဲ လမ်းခွဲ
သွားခဲ့လေသည်။ ဝိဉာဉ်ဆိတ်သုန်းခဲ့ပြီဖြစ်သော ဖခင်ဦးလှစံ၏ ရုပ်က
လပ်ကြီးဘေးမှာ စာရေးသူ ငူငူကြီးကြည့်နေမိသည်။
မိသားတွေ . . ငိုကြလေပြီ .. ။
ဆွေမျိုး မိတ်သင်္ဂဟတွေ . . . ငိုကြလေပြီ .. ။
စာရေးသူသည်ကား နှစ်ပေါင်း 20 ကျော် လေ့ကျင့်လာခဲ့သော မရဏ
နုဿတိ၏စွမ်းပကားကြောင့် ငို၍ မရ။
သြော် .. အဖေ့လိုပဲ အခြားသောသူတို့၏ ဖခင်များသည်လည်း ဒီလို
ပဲ လမ်းခွဲသွားကြတာပဲလေ . . ။
သတ္တဝါအားလုံးဟာ မာန်မရှိပဲ မာန်လုပ်နေကြသည်။ ဟန်မရှိဘဲ ဟန်
လုပ်နေကြသည်။ ဘဝ၏အနှစ်သည် ယင်းကိုသိမြင်ခြင်းပင်တည်း။
နှလုံးသားတွင် ကျောက်ဆိုင်ကျောက်ခဲကဲ့သို့ တည်နေခဲ့ဖူးသော မရဏ
သည် ယခုအချိန်တွင် သက်သေပြနေပြီ။
ဂုဏ်ဒြပ်အကာကြားမှာ ကုသလဟိတ်အနှစ်ကိုဖယ်ထားပြီး လျှပ်ပေါ်
လော်လီခဲ့ကြသော သတ္တလောကသားတို့၏ နောက်ဆုံးခရီးက ဒီလိုပါ
ပဲ။
ငါ့အသား သူစား ၊ သူ့အသားငါစား ။ သူ့ကို ငါသတ်၊ ငါ့ကိုသူသတ်။
ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်။ ကြီးနိုင်ငယ်ညှင်း အဓမ္မဇာတ်တွေခင်း
ရင်း နောက်ဆုံးတော့ ဒီလမ်းသည်သာပ။

သံဝေဃမယူ ကမ္မဋ္ဌာန်းမကူဘဲ ဘဝကို အစုန်လိုက် ဘုရားသတ်၊တရား
သတ်၊ သံဃာသတ် ၊ တိုင်းသူပြည်သားလူအများအား သတ်လိုကသတ်
ဘာဖြစ်လည်း နောက်ဆုံးတော့ ဒီလမ်းသည်ခရီးမှအပအခြားမရှိ။

ငါ့ဘုရားသည်သာအမှန်၊ ငါ့တရားသည်သာပဓာန၊ ဘာသာမတူ အယူမျှ
ထိုသူကို သတ်ကြဟူသော အစွန်းရောက်ဝါဒသမားတွေလည်း နောက်
ဆုံးဟာ သေလမ်း သေခရီးပါပဲ။

သြော် . ..
ဘဘကြီးဦးရွှေဝနှင့် ဖခင်ကြီးဦးလှစံတို့၏ ညဥ့်ဦးယံစကားဝိုင်းသည်
လူဖြစ်စမိမိအတွက် မရဏနုဿတိကထာဖြစ်ခဲ့သည်။
“သိပ့်ကောင်းတဲ့ အမဲဟင်းလျာလည်း နောက်ဆုံးတော့ ချေးဖြစ်သွား
တာပါပဲ”
“ အိမ်သာတက်လို့ ချေးယိုရင် မမြဲဘူးဆိုတဲ့အသိသတိကိုကပ်”
ဘဘကြီးဦးရွှေဝနှင့်ဖခင်ကြီးတို့၏ စကားဝိုင်းသည် ယနေ့ခေတ် တရား
သဘင်ကြီးများကဲ့သို့ ထိန်လင်းရောင်တောက် ငွေရာထောင်ချီ၍မမြင်ရ
သော်လည်း မိမိအတွက်တော့ “မမြဲသောဘဝ” ဆိုတာကို သိလိုက်ရ
သည်။
သြော် . . .
“အဖေလည်းသေ အမေသေနှင့် ငါလည်းသေရပေဦးမည်”
ဓမ္မကို ဓမ္မဟု မသိခင်ကတည်းက မိမိ၏ရင်တွင်းသို့ ဓမ္မသံဝေဃတို့က
ချည်းနင်းဝင်ရောက်နေရာယူနှင့်ကြလေပြီ . .။
မခိုင်ခံ့သော ဘဝ၏ . . . .
ပြိုလှဲခဲ့ပြီဖြစ်သော ရုပ်ကလပ်အစုစုတို့ . . ..
ယင်းကို ပမာဒပြုကာ . . .
ငါ သူတစ်ပါး ယောက်ျား မိန်းမဟု သဏ္ဍာန်ပြု၍ မင်းမူခဲ့ကြလေသည်။
တကယ်တော့ .. .
အားလုံးဟာ မသာကောင် .. အိုကောင် . .နာကောင် .. သေကောင်
တွေပါ .. ။

အိုခြင်း နာခြင်း သေခြင်းနှင့် မလွဲသာမရှောင်သာ အခုလိုကြုံရပြန်တော့၊
“အဖေကလည်း မိမိကို နှုတ်ဆက်စကားမဆိုနိုင် .. .”
“မိမိကိုယ်တိုင်ကလည်း အဖေ့ကို နှုတ်ဆက်စကား မဆိုခဲ့ပါချေ .. ။”

ဤသို့နှယ် ..
စာရေးသူ စာဖတ်သူတို့သည် တိုတောင်းသည်ဟူသော ဘဝ ဝယ်
လောဘ ဒေါသ မောဟ မာန်မာနတရားဆိုးတို့ဖြင့် တစ်ယောက်ကိုတစ်
ယောက် နှုတ်ဆက်စကားမဆိုဖြစ်ခဲ့ပါချေ။
လောဘကိုသော်လည်းကောင်း ဒေါသကိုသော်လည်းကောင်း မောဟ
ကိုသော်လည်းကောင်း အမြန်ဆုံးနှုတ်ဆက်နိုင်အောင် ကျိုးစားကြရ
မည်။
သို့မဟုတ်ပါက နှုတ်ဆက်စကား .. ဆို၍မရသော အိုခြင်းနာခြင်းသေ
ခြင်းခရီးဝယ် .. နွားနောက်လိုက်ပါရသော လှည်းဘီးကဲ့သို့ တစ်သံသ
ရာလုံး လည်ရင်း . .. လုံးရင်း . . .လိမ့်ရင်း. . ..
အဖေရေ . .. သွားနှင့်ပေဦး .. ။
မှတ်ချက်။
မိမိအားပါဠိစာပေးကိုသင်ကြားပေးခဲ့သောဖခင်ကြီးဦးလှစံအားဤ
ဆောင်းပါးဖြင့် အမျှပေးဝေမိပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး (ဝိဘဇ္ဇဝါဒီ)



No comments:

Related Posts Plugin for WordPress, Blogger...