Saturday 12 March 2016

နေရစ်တော့ . . . ဝေသာလီ


တိုက်ဆိုင်မှုရှိရင် . . ကျွန်တော့လိုပဲ ငိုကြွေးနိုင်ပါသည်

ဗုဒ္ဓသည် ဝေသာလီပြည်ကို ပြန်လှည့်ကြည့်ပြီး အာနန္ဒာကို
အခုလိုပြောလိုက်တယ်။
 “ အာနန္ဒာ ”
 “ ငါ . .  အခု ဝေသာလီပြည်ကို ပြန်လှည့်ကြည့်ခြင်းဟာ”
 “နောက်ဆုံး ကြည့်ခြင်းပဲ။”
 “ အာနန္ဒာ ”
 “ လာ” 
“ ငါတို့ ဘဏ္ဍုရွာကို ခရီးဆက်ကြမယ် ”
ဗုဒ္ဓသည် အာနန္ဒာကို ပေါ့ပါးပါးလေးပြောလိုက်တာပါ။သို့သော်
အယင်းစကားရဲ့ အကြောင်းအရင်းဇစ်မြစ်ကိုသိထားသူကျွန်တော့
အတွက်တော့ ရင်နင့်စွာခံလိုက်ရပါတယ်။
ဝေသာလီဆိုတာ ဘုရားဖြစ်ဖို့ အသင်္ချေများစွာထဲက ကျင့်လည်ခဲ့တဲ့
ဘဝဇာတိတွေထဲက အမှတ်ရစရာကောင်းတဲ့မြို့ကြီးတစ်ခုပါ။
ဒါကို သဗ္ဗညုတဉာဏ်တော်မှာထင်တော်မူပြီးသားကိုး။
ဒါ့ကြောင့် ဗုဒ္ဓဟာ ဝေသာလီကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး
အာနန္ဒာကို အခုလို အသိပေးစကားပြောလိုက်တာပါပဲ။
ပုထုဇဉ်လူသားတို့ထုံးစံနဲ့ဆိုရင်  . .
 “ အာနန္ဒာ   . . .  ရယ် ”
 “ ဝေသာလီဟာ တကယ့်တော့ ငါ့အတွက် လွမ်းစရာ”
 “ အမှတ်ရစရ မြို့ကြီးတစ်ခုပေါ့”
စသည့် စကားအဓိပ္ပါယ်ကို စို့နင့်စွာနဲ့ပြောလိုက်မိမှာပါ။
သြော် သံသရာဘဝများစွာက တယ်လည်းရှည်လွန်းလှတာကိုး။
ဗုဒ္ဓတို့မည်သည် နောက်ကိုပြန်လှည့်ကြည့်ခြင်း ဘေးဘီကိုလှည့်
ကြည့်ခြင်းစတဲ့ ဣိဒြေ္နချို့ငဲ့မှုကို မပြုမူကြဘူး။
အခုတော့ဖြင့်  ..
ဝေသာလီပြည်မှာ ဆွမ်းခံ လှည့်လည်ပြီးတော့ ဆွမ်းစားကြတယ်။
ဆွမ်းစားပြီတဲ့အခါ ခရီးဆက်ဖို့ပြင်ကြတယ်။ ခရီးစမယ်ဆိုတာနဲ့
ဗုဒ္ဓဟာ ဝေသာလီပြည်ကို ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်ပါ ပြန်လှည့်
လျက် ကြည့်ရှုတော်မူခဲ့တယ်။
သြော်  .. .  သံယောဇဉ်ကိလေသာတွေကို ဗောဓိပင်အောက်မှာ
အပြီးတိုင်မြှုတ်နှံထားပစ်ခဲ့တဲ့ အတုမရှိဗုဒ္ဓသည်ပင် ဘဝများစွာ
ကျင်လည်ရာနေရာကို နောက်ဆုံးအကြိမ် တခုတ်တရ ပြန်လှည့်
ကြည့်ခဲ့တယ်။
ဒီအဖြစ်အပျက်တွေက ဘုရားမို့သာတော်တော့တယ်။ ပုထုဇဉ်များ
အတွက်တော့ ကြေကွဲစရာပေါ့။ ရင်နာစရာပေါ့။
ဘာဖြစ်လို့လည်းဆိုတော့ ဘဝမှာအနေကြာခဲ့တဲ့ ထိုနေရာလေးကို
နောက်နောက်ဘယ်တော့မှာပြန်လည်ခြေချခွင့်မရတော့တာကြောင့်
လေ။
ကျွန်တော်ဆိုရင် ကျွန်တော့ငယ်ရည်းစား “ ချစ်သောငယ်” နဲ့ ချိန်း
တွေစဉ် စောင့်နေကြဖြစ်သော အနော်ရထာလမ်းနဲ့ 31 လမ်းအပေါ်
ဘလောက်က ပိတောက်ပင်နားကိုရောက်တိုင်း အမြဲတစေကြည့်
ဖြစ်ခဲ့ပါတယ်။
2010 ခုနှစ်လောက်ကဆိုတော့ ပိတောက်ပင်လေးက အခုလောက်
မဝေဆာသေးပါဘူး။ အခုတော့ နှစ်တွေကလည်းကြာပြီဆိုတော့
ပိတောက်ပင်ကလည်း စိမ်းစိုလို့ပေါ့။
ဒါ့ကြောင့် ပုထဇဉ်တွေဆိုတာ ကျင်လည်ရာနေရာလေးတွေကို
ရောက်တိုင်း ရောက်တိုင်း အမှတ်ရကြတယ်။ သတိရမိတယ်။
ချစ်စရာတွေ ပြုံးပျှော်စရာတွေ ကြေကွဲစရာတွေ နာကျည်းစရာ
တွေ ၊ အားလုံးအားလုံးအားလုံးဟာ အကြောင်းတိုက်ဆိုင်လာတိုင်း
ပြန်မြင်ယောင်မိကြတယ်လေ။
ခံစားလွယ်တဲ့ ကျွန်တော့အတွက်တော့ ဗုဒ္ဓ ၊ အာနန္ဒကိုပြောလိုက်
တဲ့စကားတွေဟာ တကယ့်ကို လွမ်းမောဆွေးမြေ့ဖွယ်ရာအဖြစ်
ရင်ကို ထိခိုက်နာကျင်သွားပါတယ်။
တစ်ယောက်နဲ့တစ်ယောက် တစ်ပြောင်းပြေငာ်းတစ်ပြန်ပြန် ကျင်
လည်ရင်း ချစ်သူတွေဖြစ်ခဲ့ကြ မုန်းသူတွေဖြစ်ခဲ့ကြ စသည်ဖြင့်
ဘဝအစုံစုံမှာ လွမ်းမောစရာဇာတ်လမ်းတွေကတစ်ပုံတစ်ပင်။
ဒါ့ကြောင့်ကျွန်တော်ဟာ ပရိနိဗ္ဗာနသုတ်ထဲက “နာဂါပလောကိတ”
အခန်းကိုရောက်တိုင်း ဗုဒ္ဓနဲ့ဝေသာလီကို အောက်မေ့မိပါတယ်။
တမင်တကာကို ဝေသာလီအခန်းကို ပြန်ပြန်ဖတ်လေ့ရှိပါတယ။်
ဖတ်တိုင်းလည်း လွမ်းရပါတယ်။ ကိုယ့်မှာက အလွမ်းဓာတ်ခံက
ရှိနေလို့လားမသိ။ ပိဋကတ်မှာ ဒီအခဏ်းလေးကို အကြိမ်ကြိမ်
အထက်ထက် ကျွန်တော်ဖတ်နေတက်လို့ အလွတ်ရနေပါပြီ။

“ ဣဒံ ပစ္ဆိမကံ အာနန္ဒ တထာဂတဿ ဝေသာလိယာ ဒဿနံ
ဘဝိဿတိ၊ အာယာမာနန္ဒ ၊ ယေန ဘဏ္ဍဂါမော
တေနုပသင်္ကမိဿာမာ” တိ။
တကယ်ကို လွမ်းစရာကောင်းတဲ့ ပါဠိလေး။
သို့တည်းမဟုတ် ကျွန်တော်ကိုယ်တိုင်ကိုကပဲ အလွမ်းကောင်ဖြစ်
နေရော့လား။
ဖတ်တိုင်း ဖတ်တိုင်း ဗုဒ္ဓနဲ့ ဝေသာလီတို့ရဲ့ဇာတ်ကြောင်းဟာ
လွမ်းမောနေစရာ။
ဘာဖြစ်လို့လည်းဆိုတော့ “ ဘယ်တော့မှ ပြန်မဆုံတော့ဘူးလေ”
ကျွန်တော်နဲ့ ကျွန်တော့ချစ်သူငယ်တို့ဟာ ၊ အခုဘဝမှ ရှင်ကွဲကွဲသွား
ကြပေမယ့်၊ နောက်ဘဝဆိုတဲ့ မျှော်လင့်ချက်အစအနလေးရှိသေး
သလို မသေခင်မှာလည်း တစ်ယောက်ကိုတစ်ယောက် တစ်နေရာ
မှာ ပြန်လည်ဆုံတွေ့နိုင်ပါသေးတယ်။
ငယ်ဟာ LA ဆိုတဲ့ အမေရိကကိုရောက်နေလို့ ကျွန်တော်နဲ့အဝေး
ဆုံးပေါ့။ သို့သော်လည်းပဲ ကျွန်တော်မှာက သူနဲ့အတူသွားခဲ့လာခဲ့
တဲ့ နေရာလေးတွေမှာ အလွမ်းဖြေလို့ရသေးတယ်။
ရန်ကုန်ကိုရောက်ဖြစ်တိုင်း ကျွန်တော် ငယ်နေခဲ့ဖူးတဲ့ 31 လမ်း
အပေါ်ဘလောက်ကို တစ်ခေါက်တော့ လမ်းဖြတ်လျှောက်ပါတယ်။
တစ်ခါတရံဆိုရင် နှစ်ခေါက်လောက် ဖြတ်လျှောက်ပါတယ်။
ဒီတော့က ဒီဘဝမှာ ငယ်နဲ့ ကျွန်တော်ဟာ ဘယ်တော့မှမဆုံနိုင်
တော့ပေမယ့် နောက်ဘဝဆိုတာလေးက ရှိသေးရဲ့။
ဝေသာလီနဲ့ဗုဒ္ဓတို့ရဲ့ဇာတ်လမ်းက အဲလိုမဟုတ်ဘူး။
 “ ဣဒံ ပစ္ဆိမကံ အနန္ဒာ ”
 “ တထာဂတဿ ဝေသာလိယာ ဒဿနံ ဘဝိဿတိ”
  “ အာနန္ဒာ ”
 “ ဝေသာလီကို ကြည့်ခြင်းဟာ”
“ ငါ ဘုရားအတွက်တော့  . . . နောက်ဆုံးပဲ”
 ဒီစကားဟာ ကျွန်တော့ရင်ကို ထိလွယ်ရှလွယ်နေတယ်။
ကျွန်တော်အားလပ်တိုင်း ကွန်ပျူတာကိုဖွင့်ပြီး အဲဒီစကားကိုပဲထိုင်
ကြည့်ပြီး လွမ်းနေမိပါတယ်။ ကျွန်တော် ခရီးထွက်တိုင်း အမြဲတစေ
ကွန်ပြူတာလေးကိုအလေးခံပြီးသယ်သွားပါတယ်။ ကွန်ပျူတာထဲ
မှာ ပိဋကတ်သုံးပုံ ၊အဋ္ဌကထာကျမ်းစုံအပြင် အခြားသောဆရာ
တော်ဘုရားကြီးများရဲ့ အာဘော်တွေမှာထည့်ထားတာကိုး။
အချိန်မရလို့ မဖတ်ဖြစ်ရင်တောင်မှ ကွန်ပျူတာကိုတော့ အလေး
ခံပြီးကျွန်တော် သယ်သွားတက်ပါတယ်။
လွမ်းစရာတွေထဲမှာ စာဖတ်ခြင်းလွမ်းရတာကလည်းအရသာတစ်
မျိုးတစ်ဘာသာကိုး  . . .။

ဗုဒ္ဓဟာ ဝေသာလီကို နောက်ဆုံးကြည့်ခြင်းဖြင့်ကြည့်ပြီးတာနဲ့
တပြိုင်နက် အာနန္ဒာကို အခုလိုပြောလိုက်တယ်။
“ အာယာမာနန္ဒ ယေန ဘဏ္ဍုဂါမော တေနုပသင်္ကမိဿာမိ”
 “ အာနန္ဒာ ”
 “ ဟိုး  .. ဟိုနားမှာ ဘဏ္ဍုဆိုတဲ့ ရွာလေးရှိတယ်  . . ”
 “ တို့ အဲဒီကိုသွားကြရအောင် ”
ဒီစကားလုံးတိုင်းဟာ တကယ့်ကို ကြေကွဲစရာပါ။အဲဒီအချိန်က
ဗုဒ္ဓရဲ့အသက်တော်ဟာ (၈၀) အရွယ်လေ။ ပါးရေနားရေတွေ
တွန့်နေတဲ့ အဖိုးတစ်ယောက်ရဲ့ နောက်ဆုံးစကားကို နားထောင်
ပေးနေရသော အာနန္ဒာရင်ထဲမှာလည်း ခံစားနေမိမှာပါပဲနော်။
ဘာဖြစ်လို့လည်းဆိုတော့ အာနန္ဒာဟာ ရဟန်းဆိုသော်လည်းပဲ
သောတပန်ခေါ် သောတပတ္တိမဂ်သာရသေးတာကိုး။
ဒီတော့ ဘာမဂ်ဘာဖိုလ်မှမရသေးသော ကျွန်တော့အတွက်တော့ဖြင့်
သူတို့ဆရာတပြည့်တွေပြောတဲ့စကားကို ဖတ်ရင်း ဖတ်တိုင်း မျက်
မျက်ရည်ဝိုင်းခဲ့ရပါတယ်။
သတ္တဝါအသီးအသီးတို့ရဲ့ ဘဝါဘဝများစွာရဲ့ လွမ်းစရာတွေကို
စိတ်ကူးနဲ့လွမ်းမိပါတယ်။
အခုလည်း ဗုဒ္ဓဟာ သူ ဘဝပေါင်းများစွာ ကျင်လည်ခဲ့ရဖူးသော
ဝေသာလီကိုခွဲခွာခဲ့ရပြီ။ ဝေသာလီရဲ့မနီးမဝေး ဘဏ္ဍုဆိုတဲ့ ရွာက
လေးကိုသူတို့ဆရာတပည့်တွေ ခရီးဆက်ကြရမှာ။

သြော်  .. .
“ဝေသာလီဟာ ဘာမှမသိဘဲ ကျန်ရစ်ခဲ့ရတယ် ”
အကယ်၍ ဝေသာလီသာ ကျွန်တော့လို အသက်ဝိဉာဉ်ရှိခဲ့မယ်
ဆိုရင် ..
ဗုဒ္ဓဟာ သူ့ကို နောက်ဆုံးကြည့်ခြင်းနဲ့ကြည့်သွားခဲ့တယ်ဆိုတာ
ကိုလည်း  သူသိခဲ့ရင်  . ..
ဟင်  .. . ဝေသာလီလည်း ကျွန်တော့လိုပဲ မျက်ရည်ဝဲ၍
ကျန်ရစ်နေရပေဦးတော့မည်။
Reference
သုတ္တံပိဋကတ်၊ ဒီဃနိကာယ၊
မဟာဝဂ္ဂပါဠိတော်၊မဟာပရိနိဗ္ဗာနသုတ္တံ၊
ဒိုးကြီး










No comments:

Related Posts Plugin for WordPress, Blogger...