Tuesday 27 September 2016

အကြံအဖန်ကုသိုလ်


အကြံအဖန်ကုသိုလ်
“ကုသိုလ်ဆိုတာ ယူတက်မှရတာ အကုသိုလ်ဆိုတာ မယူတက်လည်းရတာပဲ”
ဒီစကား ငယ်ကတည်းက နားရည်ဝနေတယ်။ဘယ်သူကစတင် ပြောခဲ့မှန်းတော့မိသိပါဘူး။ အခုလိုအရွယ် ရောက်လို့ စာလေးပေလေး ဖတ်တက်လာတော့မှ ဒီစကားဟာ ပါဠိပိဋကတ်စာပေကိုနှံ့စပ်ကျွမ်းကျင်သော ရဟန်းပညာရှိလူပညာရှိတို့ရဲ့စကားလို့ ကောက်ချက်ချနိုင်ခဲ့တယ်။ ဟုတ်တယ်။ အကုသလဆိုတဲ့ အပါယ် အလုပ်က နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ရနိုင်ပါသော်လည်း ကုသလဆိုသော သုဂတိ အလုပ်က တကယ်တက်ကျွမ်းနားလည်မှရတာကိုး။ ဒီတော့ ဟိုးရှေးကသူတော်ကောင်းကြီးများဟာ ကုသလအ လုပ်ကို ရှာရှာကြံကြံခဲခဲယဉ်းယဉ်းလုပ်ခဲ့ကြတယ်။ နောက်ဆုံးကိုယ့်မှဘာမှကုသိုလ်ပြုစရာမရှိရင် မညီညွတ်တဲ့ လူသွားလမ်းကို ညီညွတ်အောင် ကုသလပြုကြတယ်။ ရေတွင်းထဲကရေကို သန့်စင်ပြီး သောက်ရေအိုးလေးတွေ တည်ကြတယ်။ အဲလို ရှေးခေတ်က သူတော်ကောင်းကြီးများဟာ ကုသလကို အကြံအဖန်လုပ်ယူကြသကိုး။
ဒါလေးကို သဘောပေါက်မိတော့ ကျွန်တော်လည်း လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက Blog စာမျက်နှာ ပေါ်တက်ပြီးစာရေးခဲ့တယ်။ 2012 လောက်ရောက်တော့ ရန်ကုန်မှာ facebook သုံးစွဲတာများလာကြတာနဲ့  အရင်ရေးထားတဲ့ Blog စာမျက်နှာပေါ်က စကားလုံးတွေ facebook ပေါ်ကူးတင်ပေးလိုက်တယ်။ ဒါကတော့  21ရာစုခေတ်ရဲ့ ကုသလပြုနည်းပေါ့ဗျာ။
အခုလည်းညက ဗုဒ္ဓနောက်ဆုံးပြောခဲ့တဲ့စကားလေး မသိသေးသူများ သိရလေအောင် သိမိသူများလည်း အမှတ်ရလေအောင် အခုလို ဓမ္မဒါနကုသလိုကြံကြံဖန်ဖန်ပြုလိုက်ရပြန်တယ်။
 “ ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ ”
ဘိက္ခဝေ၊ရဟန်းတို့။ ဟန္ဒဒါနိ၊ယခုအခါ၌။ ဝေါ၊သင်ချစ်သားတို့ကို။ အာမန္တယာမိ၊သိစေအံ့။
ဘိက္ခဝေ၊ရဟန်းတို့။ သင်္ခါရာ၊သင်္ခါရတရားတို့သည်။ ဝယဓမ္မာ၊ပျက်တက်သောသဘောရှိကုန်၏။
တေသင်္ခါရေ။ ထိုသင်္ခါရတားတို့ကို။ တုမှေ၊သင်တို့သည်။ အပ္ပမာဒေန၊မမေ့မလျော့သဖြင့်။
သမ္ပာဒေထ၊ပြည်စုံစေကုန်လော”
ဒီစကားလေးဟာ ဗုဒ္ဓမြတ်စွာ နောက်ဆုံးပြောခဲ့တဲ့ စကားလေးပါပဲ။ ဒါကို ပေါရဏတို့က ပိဋကတ်သုံးပုံ အနှစ်ချုပ်လို့လည်း ပြောကြတယ်။ ဒီနေ့ခေတ်လူငယ်တွေ ဗုဒ္ဓဘာသာဆိုတာ ဘာလည်းလို့ မသိခဲ့ရင်ခက်ချေရဲ့ ဒါ့ကြောင့် ပစ္ဆိမဗုဒ္ဓဝါစကာ စကားလေးကို ဓမ္မဒါနကုသိုလ်ပြုပါတယ်။
ပြောချင်တာက အချိန်ပေးပြီး ဗုဒ္ဓရဲ့ပိဋကတ်မြန်မာပြန်များကို ဖတ်စေချင်ပါတယ်။ ကမ္ဘာပေါ်မှာပေါက်ပေါက်ခဲ့ ဖူးသောစာပေတွေထဲမှာ အကုသလခေါ် အကုသိုလ်အကင်းရှင်းဆုံးစာပေကို လက်ညိုးထိုးကြစတမ်းဆိုရင် ဗုဒ္ဓ မြတ်စွာရဲ့ စကားလုံးများခေါ် ပိဋကတ်သုံးပုံပါပဲ။ ဒါ့ကြောင့် ကိုယ်ကိုယ်ကို ဗုဒ္ဓဘာသာလို့ အထင်ရောက်နေသူ များ ဗုဒ္ဓဝါဒကို ဘယ်လောက်လေ့လာထားပြီးပြီလည်းဆိုတဲ့အတွေးလေး ရှိထားသင့်ပါတယ်။ သို့မှသာ မိမိခံယူ ချက်ယုံကြည်ချက်ဟာ တည့်၏လော စောင်း၏လော ဟု သိနိုင်ပေလိမ့်မည်။
ကဲ ကျွန်တော်ကတော့  ဗုဒ္ဓနောက်ဆုံးစကားလေးနဲ့ အကြံအဖန် ကုသိုလ်ယူလိုက်ခွင့်ရပြန်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ
ဒိုးကြီး


No comments:

Related Posts Plugin for WordPress, Blogger...