Thursday 29 September 2016

အရိုသေတရားတို့ ဆိတ်သုန်းခြင်း



“ဂါရဝေါ စ နိဝါတော စ ၊ သန္တုဋ္ဌိစ ကတညုတာ။
ကာလေန ဓမ္မဿဝနံ ၊  ဧတံ မင်္ဂလမုတ္တမံ။“
အထက်ပါ မင်္ဂလာသုတ်၏ တစ်ဂါထာမျှသော် ပါဠိအနက်အဓိပ္ပါယ်ကို သိပါက ယခုလို အမြင်မတော် သောအမှုကို ပြုမည်မထင်။ “ဂါရဝေါ စ၊ ရိုသေခြင်းငှာထိုက်ကုန်သော ဘုရားတရားသံဃာမိဘဆရာ စသည် တို့၌ အရိုအသေပြုသောသူ၏အဖြစ်သည်လည်းကောင်း။ နိဝါတော စ၊ မိမိ၏စိတ်ကို နှိမ်ချဆက်ဆံခြင်းသည် လည်းကောင်း။လို့ ပါဠိတော်ကို တိုက်ရိုက်မြန်မာမှုဖွင့်ဆိုထားပါတယ်။ ယင်းကိုပဲ အဋ္ဌကထာအဖွင့်က ဖွင့်ဆို ထားတာက ၊ “ဂါရဝေါ ” အရိုအသေပြုသည် ဆိုရာမှာ မိမိရဲ့ Action ကို  အများကမြင်ရာမှာလည်းပဲ ရိုသေခြင်း အသွင်အပြင်ကို ဆောင်ရမည်လို့ ဆိုပါတယ်။ အခု ဓာတ်ပုံပါ အမြင်ဟာ မြင်ရသူအများအတွက် ဘယ်လိုအမြင် မျိုးလည်း?ဒါ အဋ္ဌကထာအဖွင့်ကို ကျွန်တော်မှတ်မိသလောက်လေးပဲ ချရေးနေတာပါ။ အဋ္ဌကထာဆရာအဖွင့် ဟာ မျက်စေ့ညောင်းကိုက်သွားအောင်ကိုပဲ ရှည်ရှည်ရှင်းရှင်းဖွင့်ပြထားပါတယ်။ ကျွန်တော်က အဲဒီအဖွင့်ထဲက တစ်ကြောင်းနှစ်ကြောင်းကိုထုတ်ရေးနေတာပါ။ “ဂါရဝေါ” ပုဒ်က The body ခေါ် ကာယကံအမှုကိစ္စကို ရည် ညွှန်းပြီး  “ နိဝါတော” ပုဒ်က The min ဆိုတဲ့ စိတ်မနောကံအမှုကိုဆိုလိုရင်းဖြစ်ပါတယ်။ ဘုရားတရား သံဃာ မိဘ ဆရာတွေကို ဆုံတွေ့တဲ့အခါ မိမိရဲ့စိတ်ကို နှိမ့်ချ ဆက်ဆံရမယ်။ စိတ်ကိုနှိမ့်ချရမယ်လို့ ဆိုပါတယ်။
ဒီထက်ရှင်းပြရရင်တော့ အရှည်ကြီးပေါ့ဗျာ။ ဒီလောက်ဆိုရင် လူပြိန်းသူပြိန်းနွားကျောင်းသားတောင်သိလောက် ပါပြီ။ The body ကိုယ်အမူအရာကလည်းပဲ ယဉ်ကျေးမှုသရုပ်ပါရမယ်။ အများက မြင်လိုက်ရင် ကိုယ်ဘုရားတ ရားသံဃာ မိဘ ဆရာသမားရှေ့ထိုင်နေတာဟာ ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြုမူနေတယ်လို့ လက်ခံနိုင်ရမယ် ကိုယ်ထိုင်နေပုံက “မင်းလည် ဒါပဲ ငါလည်း ဒါပဲ”ဆိုတဲ့ “ပလ္လင်နဲ့ထိုင်ခုံ ” ယှဉ်ထိုင်နေတယ်ဆိုတာ အလွန်အရုပ် ဆိုးပါတယ်။ ချွင်းချက်အနေနဲ့က ကာယိကဒုက္ခိတဖြစ်နေတဲ့ သူဆိုရင်တော့ သူအဆင်အပြေသလိုထိုင်မှာပေါ့။ ဒါကိုတော့ ဝေဖန်ပုတ်ချလို့မသင့်ဘူး။ လောကကလည်းပဲ ဒါကိုဝေဖန်နေမှာမဟုတ်ပါဘူး။ လမ်းမလျှောက်နိုင် တဲ့ ဝီးချဲ ဒုက္ခသည်တစ်ယောက်က ဘုရားတရားသံဃာမိဘဆရာမားနဲ့ဆုံတဲ့အခါ သူအဆင်ပြေသက်သာသလို “ဂါရဝ” “နိဝါတ” ပြုလုပ်ရမှာပေါ့ဗျာ။
အခုလိုအခုလောက် ကျွန်တော်ရှင်းနေတာကိုက နွားကျောင်းသားတောင်သိတာမို့ ရယ်နေပါဦးမယ်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဝါဒဗုဒ္ဓဘာသာဝင်လို့ ပြောသူတွေဟာ တကယ်ရော ဗုဒ္ဓဝါဒရဲ့အဆုံးအမအစိတ်အပိုင်းအချို့ကိုသော်မှ သိကြ ရဲ့လား? သိသည့်နောက် ကျင့်သုံးပါသလား? ။ ကြာရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓဝါဒဆိုသူတွေရဲ့ Action တွေကို ကမ္ဘာကသိပြီး ရှုံ့ချခံရမှာကို စိုးရိမ်လို့ ဗုဒ္ဓသာသနာတော်မျက်နှာကို ထောက်ထားပြီး အခုလို ဆောင်းပါးလေး ဓမ္မအလင်းဝေငှမိတာပါ။
အထူးမှတ်ချက်။  ။ Sky Net ၏ရုပ်သံဓာတ်ပုံများကို ကူးယူဖေါ်ပြခြင်းမဟုတ်ပါ။ ယင်းဓာတ်ပုံပါအကြောင်းအရာ ကိုလည်း စာရေးသူမှ ပြည့်စုံစွာမသိပါ။ သို့သော်။ facebook စာမျက်နှာများပေါ်တွင် ယင်းဓာတ်ပုံကိုတင်၍ လူ အများ ဝေဖန်နေကြသည်ကို မြင်ရသောကြောင့် မင်္ဂလာသုတ္တာန်ဒေသမှ “ဂါရဝေါ”ပုဒ်နှင့် “နိဝါတော” ပုဒ်နှစ်ပုဒ် တို့ကို မိမိစိတ်ထဲပေါ်ဝင်လာသော နိဿယကို ချရေးလိုက်ခြင်းသာဖြစ်ပါသည်။
သဗ္ဗေ သတ္တာ မရဏန္တိ

ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...