Tuesday 7 July 2015

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသော ဒဂုံစီးတီးစီမံကိန်း အပြီးသတ်ရပ်ဆိုင်းကြောင်း အစိုးရကြေညာ



ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသော ဒဂုံစီးတီးစီမံကိန်း အပြီးသတ်ရပ်ဆိုင်းကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ  ဇူလိုင် ၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၆/၂၀၁၅ ဖြင့် အမိန့်ထုတ်ပြန်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းဖော်ပြမှုအရ သိရသည်။

အဆိုပါအမိန့်ကြော်ငြာစာကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ "စီမံကိန်းရပ်စဲကြောင်းကြေညာခြင်း" ခေါင်းစဉ်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သန်းသင်းက အမိန့်အရကြေညာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ကာကွယ်ရေးဝန်ကြီးဌာန၏ ရပ်ဆိုင်းပေးပါရန် တင်ပြချက်အပါအ၀င် ရွှေတိဂုံစေတီတော်ထိခိုက်မှုရှိမည်ကို စိုးရိမ်ပူပန်ကြသည့် ရဟန်းရှင်လူပြည်သူအချို့အရလည်းကောင်း ပညာရှင်အချို့၏ အကြံပြုချက်အရလည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်း သုံးသပ်တင်ပြချက်များအရ အပြီးသတ်ရပ်ဆိုင်းခြင်းဖြစ်ကြောင်း အဆိုပါအမိန့်ကြေညာစာတွင် ဖော်ပြပါရှိသည်။

အဆိုပါကြေညာချက်အပြည့်အစုံမှာ ရန်ကုန်မြို့အား ခေတ်မီမြို့တော်အဖြစ်တည်ဆောက်ရာတွင် မြို့ပြစည်ပင်ဖွံ့ဖြိုးမှုလုပ်ငန်းများကို အထောက်အကူပြုရန်ရည်ရွယ်၍ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်အသုံးပြုရန် အစီအစဉ်မရှိတော့သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်းနေရာဟောင်းတို့အား ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာ အောက်ပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့သည်။

အဆိုပါကုမ္ပဏီများမှာ (က) ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက် (ခ) Adventure Myanmar Tours and Incentives Co.,Ltd (ဂ) သုခရတနာကုမ္ပဏီလီမိတက် (ဃ) Marga Landmark Development Co.,Ltd တို့ဖြစ်သည်။

အထက်ပါတင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက ကုမ္ပဏီအလိုက် နိုင်ငံတကာအဆင့်မီဟိုတယ်များ၊ Service Apartment များ၊ ကုန်တိုက်ကြီးများ၊ စီးပွားရေးလုပ်ငန်းဌာနများ၊ လူနေအိမ်ခန်းအဆောက်အအုံများနှင့် ရုံးအဆောက်အအုံများပါဝင်သည့် စီမံကိန်းများရေးဆွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုချက်များတင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်အညီ စိစစ်ကာ ခွင့်ပြုမိန့်များထုတ်ပေးခဲ့ပါသည်။

ဤသို့ ခွင့်ပြုမိန့်များထုတ်ပေးပြီးနောက် စီမံကိန်းများအကောင်အထည်ဖော်မှုကြောင့် ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှုရှိမည်ကို ရဟန်းရှင်လူပြည်သူအချို့ စိုးရိမ်ပူပန်လာခြင်း၊ ပညာရှင်အချို့က ပညာရပ်ပိုင်းဆိုင်ရာသုံးသပ်ချက်များကို နိုင်ငံတော်သမ္မတထံပေးပို့အကြံပြုခြင်း၊ စိုးရိမ်ပူပန်သူအချို့က စီမံကိန်းရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံလာခြင်း စသည့်အခြေအနေများကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်း သုံးသပ်တင်ပြချက်အရလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စီမံကိန်းများရပ်ဆိုင်းပေးပါရန် တင်ပြချက်အရလည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရွှေတိဂုံစေတီတော်အပါအ၀င် သိင်္ဂုတ္တရကုန်းတော်ရှိ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများအား မည်သည့်အကြောင်းကြောင့်မျှ ထိခိုက်မှုမဖြစ်ပေါ်ရေး ဦးစားပေးဆောင်ရွက်ရန် လိုလားခြင်းကြောင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းရာတွင် ၎င်းတို့ကလည်း လိုလားစွာလက်ခံခြင်းကြောင့်လည်းကောင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁)မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအားလုံးကို ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစတင်၍ အပြီးသတ်ရပ်ဆိုင်းလိုက်သည်။

ဤသို့ စီမံကိန်းအား အပြီးသတ်ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီမံကိန်းတွင်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ဖြစ်သည်။
Writer:
ကြည်နိုင်
http://www.news-eleven.com

No comments:

Related Posts Plugin for WordPress, Blogger...