Friday 23 January 2015

ဒီဇိုင်နာလုံးခြင်းသစ်


ဘာပြောတယ်  . .
ငါ့ကို အပြာကောင်  . . ဟုတ်လား။

နေစမ်းပါဦး
အဲဒီအရောင်တွေက နင့်ပါးစပ်ထဲဘယ်လိုဝင်လာတာလည်း။

ငါမယုတ်မာခဲ့ဘူးနော်
ငါ ချစ်ခဲ့တာ။

ငါမမိုက်ရိုင်းခဲ့ဘူးနော်
ငါ ယဉ်ကျေးခဲ့တာ။

အရင်တုန်းက ငုံထားခဲ့တဲ့ငါကို
အခုတော့ ထွေးထုတ်လိုက်မယ်ပေါ့။

အရင်တုန်းက ထိုင်ထခဲ့တဲ့ငါ့ကို
အခုတော့ စောင့်ကန်တော့မယ်ပေါ့။

တဖြေးဖြေးလုပ်ပါ။
တဖြေးဖြေမုန်းပါ။
တဖြေးဖြေးခွဲခွာခွင့်ပြုပါ။

အထစ်အငေါ့တွေဟာ နေရာတိုင်းမကောင်းပေမယ့်
တစ်နေရာစာမှာတော့ မိန်ရည်ရှက်ရည်ပဲ။

ရတယ်  ..  ရတယ် . ..
မင်းဆက်မလျှောက်တဲ့ လမ်းမှာ
ငါပုံမှန်သွားနေဦးမှာပဲ။

ဆင်းသွားလေ  . .
ငါဘ၀ကုတင်က ဒန်းလော့မှမပါတာကိုး။

ခါးတာတာ အခုမှမင်းသိသလား
ဒူးနာတာအခုမှမင်းသိသလား
ကနဦးကတည်းက တို့ကမြေတလင်းပေါ်မှာလေ။

အိပ်ယာခန်းနားဆိုတာ ဂုဏ်ဒြပ်ရဲ့သတ်ပုံတွေပါ  ..  ဟာ။

ငါ့ကို ၀ိဘတ်တွေ ကံကတ္တာပုဒ်တွေလာမပြနဲ့။

သက်တောင့်သက်သာမရှိတဲ့ မင်္ဂလာဦးညမှာ
ကင်းစောင့်ခိုင်းတဲ့ ဇာတ်လမ်းတွေဟာ
ဟိုးတုန်းက ပြဇာတ်တွေပါ  ..  ဟာ။

ဒီနေ့ခေတ်မှာ . . . .
လုပ်အားပေးလိုက်စရာမလိုဘူး။

ဒီနေ့ခေတ်မှာ . . .
ဧည့်စရင်းတိုင်ရင်ပိုက်ဆံမပေးရတော့ဘူး။

ဒီနေ့ခေတ်မှာ . . .
ရဲစခန်းထောက်ခံစာကဈေးသက်သာသွားပြီ။

ဒါကို  ..  ဒါတောင်
နင်က ပါးရိုက်ဖို့စဉ်းစားနေသေးတယ်။

ရတယ် . . . ရတယ်
နင်ဆင်းသွားတဲ့ ငါ့ကုတင်ဟာ
နောက်တစ်နေ့စာမှာတော့ နေရာလပ်မရှိပါဘူး။

သွားမယ်  ..  သွားမယ်
အနီရောင်အသစ်စက်စက်စာအုပ်တစ်အုပ်ကိုဖတ်ဝယ်လိုက်မယ်။
~❈❀✿⊰❂⊱✿❀❈~ ~❈❀✿⊰❂⊱✿❀❈~
အားလုံးမင်္ဂလာပါ
ဒိုးကြီး



No comments:

Related Posts Plugin for WordPress, Blogger...