Saturday 2 May 2015

ရာစုနှစ်ကို စိန်ခေါ်ကြသူများ




သူတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ်ကို ‘‘ရာစုနှစ်၏ အထင်ရှားဆုံးတိုက်ပွဲ’’ (Fightof the Century)ဟု  ညွှန်းဆိုထားသည်။  တကယ်လည်း ပြီးခဲ့သည့်ရာစုနှစ်တစ်ခုအတွင်း ကမ္ဘာ့လက်ဝှေ့ ပရိသတ်များ စိတ်ဝင်စားဆုံး၊  တောင့်တဆုံးပွဲစဉ်တစ်ပွဲလည်း    ဖြစ်လာသည်။ နှစ်အတန်ကြာ  စောင့်ဆိုင်းခဲ့ရသည့်နောက် အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်ဒ်မေဝယ်သာနှင့် ဖိလစ်ပိုင်အကျော်အမော် မန်နီပက်ကွီအိုတို့၏ စိန်ခေါ်ပွဲသည် မေလ ၂ ရက်တွင်အမေရိကန်နိုင်ငံ၊  လာ့စ်ဗီးဂက်စ်မြို့၌  လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သည်။
 တကယ်တော့ ဝိတ်တန်းရှစ်ခုတွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သူ ပက်ကွီအိုနှင့် ဝိတ်တန်းငါးခုတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်ခဲ့သူ မေဝယ်သာတို့ ထိုးသတ်ဖြစ်ရန် ညှိနှိုင်းခဲ့ရသည့်အချိန် မှာ ခြောက်နှစ်နီးပါးမျှ ကြာမြင့်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် ထိုပွဲစဉ်ဖြစ်မြောက်ရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့သော်လည်း အသေးစိတ် အချက်အလက်များ သဘောတူညီမှုမရသဖြင့် ပျက်ပြယ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် ဒုတိယအကြိမ် ဆွေးနွေးခဲ့ ပြန်သော်လည်း မအောင်မြင်ခဲ့ပြန်ချေ။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ၁၅ ရက်တွင်မူ ပက်ကွီအိုဘက် မှ ကမ်းလှမ်းမှုကို မေဝယ်သာက လက်ခံလိုက်ခြင်းဖြင့် တစ်ကမ္ဘာလုံး မျှော်လင့် စောင့်စားနေရသည့် ရာစုနှစ်၏ အထင်ရှားဆုံး တိုက်ပွဲကိုဆင်နွှဲရန် သဘောတူညီမှု ရရှိသွားခဲ့သည်။

ပရိသတ် စိတ်ဝင်စားရသည့်အကြောင်းရင်းများ
  တကယ်တော့လက်ဝှေ့သမိုင်းကြောင်းတွင် ဟိုလီဖီးလ်နှင့်  မိုက်တိုင်စန်တို့  စိန်ခေါ်ပွဲ၊မိုဟာမက်အလီနှင့် ဂျိုဖရေဇီယာတို့၏ စိန်ခေါ်ပွဲ အစရှိသည့် အထင်ကရ ပွဲကြီးပွဲကောင်းများစွာ ရှိခဲ့သည်။ သို့သော်လည်း  မေဝယ်သာနှင့် ပက်ကွီအိုတို့၏  ပွဲအပေါ် ပရိသတ်များက ပိုမို စိတ်ဝင်တစားရှိခဲ့ကြသည်ဟု  ဆိုနိုင်သည်။ ပွဲဖြစ်မြောက်ရေး ညှိနှိုင်းရသည့်အချိန်  ကြာမြင့်ခဲ့သည့်အပြင် မျိုးဆက်တစ်ခုအတွင်း  အထူးချွန်ဆုံး  လက်ဝှေ့သမားနှစ်ဦးရင်ဆိုင်တိုက်ခိုက်မည့် ပွဲစဉ်ဖြစ်၍လည်း ပရိသတ်များက တောင့်တနေကြသည်။
ထူးခြားမှု တစ်ခုမှာ ယခင်က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပရိသတ်  အာရုံစိုက်မှုခံရသည့် လက်ဝှေ့ပွဲများသည် ဟဲဗီးဝိတ်တန်း ပွဲကြီးပွဲကောင်းများ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး စံနှုန်းသတ်မှတ်ချက် တွင်ရှိနေသည့်  ပြိုင်ပွဲမျိုးဖြစ် သည်။ ယခုပွဲစဉ်မှာမူ ဟဲဗီးဝိတ်ထက် တန်းနိမ့်သည့် ဝယ်သာဝိတ်တန်းအဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ် သော်လည်း ဟဲဗီးဝိတ်ပွဲစဉ်ကြီးများထက်ပင် လူပြောများလျက်ရှိသည်။ အခြေခံကျကျ စဉ်းစားပါက နှစ်ဖက်ထိုးသတ်မည့် လက်ဝှေ့သမားများ၏ ကျော်ကြားမှုကြောင့် တန်းနိမ့်ပြိုင်ပွဲပင်ဖြစ်လင့်ကစား လူအများစိတ်ဝင်စားနေခြင်းဟု ယူဆနိုင်သည်။
  မေဝယ်သာ၏စံချိန်မှာ ကြေးစားလက်ဝှေ့ပွဲ ၄၇ ပွဲ ထိုးသတ်ပြီးနောက် ရာနှုန်းပြည့် အနိုင်ရရှိထားသူဖြစ်သည်။ ၎င်း၏ ဘဝတွင် သရေပွဲ၊ ရှုံးပွဲဟူ၍ လုံးဝ မရှိခဲ့ဖူးဘဲ ၄၇ ပွဲစလုံးနိုင်ကာ ၂၆ ပွဲတွင် ပြိုင်ဘက်ကို အလဲထိုးခဲ့သည်။ ပက်ကွီအိုကမူ  ၆၄ ပွဲတွင် ၅၇ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၅ ပွဲရှုံးထားသည်။ အလဲထိုးနိုင်ပွဲ အရေအတွက်က မေဝယ်သာထက် ပိုများပြီး ၃၈ ပွဲထိရှိနေသည်။
 ထို့အပြင် ယခုပွဲမှာ လက် ဝှေ့သမိုင်းတစ်လျှောက် ကြေး အကြီးဆုံးလက်ဝှေ့ပွဲဖြစ်နေခြင်း မှာလည်း ပရိသတ်ကိုဆွဲဆောင် သောအချက်ဖြစ်သည်။
  ပရိသတ်၏ စိတ်ဝင်စားမှု အရှိန်အဟုန်ကို မြင့်တက်စေသည့် နောက်ထပ်အကြောင်းတစ်ချက်က ယခုပွဲစဉ်သည် လက်ဝှေ့ကျော်နှစ်ဦး၏ နောက်ဆုံးထိုးသတ်မှုများ ဖြစ်နိုင်သည်ဆိုသော  ခန့်မှန်းချက်ဖြစ်သည်။ အသက်(၃၆)နှစ်ရှိ ပက်ကွီအိုသည် ဖိလစ်ပိုင်နိုင်ငံရေး နယ်ပယ်တွင် ကူးပြောင်းခြေချပြီး၎င်း၏ ဘဝဖြတ်သန်းမှုအသစ်ကို အစပြုနေပြီဖြစ်သည်။ အသက် (၃၈)နှစ်ရှိ မေဝယ်သာသည်လည်း ပက်ကွီအိုနှင့် ရင်ဆိုင်ထိုးသတ်မည့် ပွဲစဉ်အပြီးတွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှ အနားယူတော့မည်ဟု သတင်းထွက်နေ သည်။ ထိုသတင်းများသာ အမှန်ဖြစ်ပါက ယခုပွဲစဉ်သည် ယှဉ်ပြိုင်သူ နှစ်ဦးအတွက်ရော၊ ပရိသတ်များအတွက်ပါ အမှတ်တရအရှိ ဆုံး လက်ဝှေ့ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
ပွဲမတိုင်မီ နှစ်ဖက် စကားသံများ
ဧပြီ ၂၉ ရက်တွင် မေဝယ် သာနှင့် ပက်ကွီအိုတို့သည် လာ့စ်ဗီးဂက်စ်တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ကမ္ဘာ့အကောင်းဆုံး  လက်ဝှေ့နည်းပြဆုကို ခုနစ်ကြိမ်ဆွတ်ခူးဖူးပြီး လက်ရှိအချိန်တွင် ပက်ကွီအိုကို နည်းပြနေသည့် ဖရက်ဒီရို့ခ်ျကသတင်းစာရှင်းလင်းပွဲ၌ မေဝယ်သာအနေဖြင့်ပွဲအတွက် စိုးရိမ်နေဟန်အရိပ်အယောင်မျိုး တွေ့မြင်ရကြောင်း စကားစစ်ထိုးခဲ့သည်။
‘‘ဒီပွဲအတွက် မေဝယ်သာ တက်တက်ကြွကြွမှ ရှိရဲ့လားလို့ ကျွန်တော်သံသယဖြစ်မိတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ သူ့ကြည့်ရတာ တက်တက်ကြွကြွ မရှိဘူး။ အဲဒီပုံစံကို လက်ဝှေ့ပွဲညမှာ သူ့အနေနဲ့ ပြောင်းလဲပစ်လိုက်နိုင်ပါ့မလားဆိုပြီးတော့ တောင် ကျွန်တော်တွေးမိတယ်။ သူက စကားကို အသံတိုးတိုးပဲ ပြောတယ်။ တကယ့် တိုက်ခိုက်ရေးသမားတွေက ကြောက်စိတ် လုံးဝမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဒီပွဲကို သူတကယ်ပဲ လိုလိုလားလား ယှဉ်ပြိုင်ချင်ရဲ့လား။ သူမလိုချင်တဲ့ ပြိုင်ပွဲတစ်ခုမှာ ထိုးသတ်ဖို့ အတင်းအကျပ်စေခိုင်းခံထားရသလိုမျိုး ကျွန်တော် ခံစားမိတယ်’’ဟု ရို့ခ်ျက မှတ်ချက်ပြုခဲ့သည်။
ပက်ကွီအို ကိုယ်တိုင်ကမူ ‘‘လက်ဝှေ့ပွဲ  တစ်ပွဲအတွက် အရမ်းစိတ်လှုပ်ရှားနေမိတာ ကျွန်တော့်ဘဝမှာ ဒါပထမဆုံးပဲ။ ဒါပေမဲ့ စိတ်ကို ငြိမ်းငြိမ်းချမ်းချမ်းထားနိုင်အောင် ကူညီပေးတဲ့အတွက်တော့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်’’ဟု ဆိုသည်။ ၎င်းက ‘‘ဟိုးအရင်တုန်းက ကျွန်တော့်ဘဝက လမ်းဘေးမှာပဲ။ ဘာမှမရှိဘူး။ အခုဆို ဖိလစ်ပိုင် တစ်နိုင်ငံလုံးသိထားတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်လာပြီ။ ချာတိတ်တစ်ယောက်ရဲ့ ငယ်ဘဝအိပ်မက်အားလုံးထက်ပိုတဲ့ အခြေအနေကိုကျွန်တော်ရောက်လာပြီ။အခု ဒီလက်ဝှေ့ပွဲနဲ့ ပတ်သက်ပြီးကျွန်တော့်မှာ ကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုးရှိနေတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကောင်းချီးပေးမှာပါ။ ဒီပွဲအတွက် ယုံကြည်ချက်အပြည့်ရှိသလို စိတ်သက်သောင့်သက်သာထားနိုင်တဲ့ အတွက်လည်းပျော်မိပါတယ်’’ဟု ပြောကြားခဲ့သည်။
 မေဝယ်သာ၏ ဖခင်လည်းဖြစ်၊  နည်းပြလည်းဖြစ်သည့် ဖလွိုက်ဒ်မေဝယ်သာ စီနီယာက ရို့ခ်ျ၏မှတ်ချက်ကို လှောင်ပြောင်တုံ့ပြန်ခဲ့သည်။ ၎င်းက ‘‘ကျွန်တော့်သားဟာ လက်ဝှေ့သမားတိုင်း ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ယူဖို့ စိတ်ကူးယဉ်နေရတဲ့ သူမျိုးပါ။ရို့ခ်ျကတော့ ဟာသတွေ ပြောတတ်တဲ့ နည်းပြတစ်ယောက်ပါပဲ။  ကျွန်တော်  ပြောပါမယ်။ ဒီပွဲဟာ တစ်ဖက်သတ်တောင်ဖြစ်နေလိမ့်မယ်။ကျွန်တော့်သားက ပက်ကွီအိုကို ရိုးရိုးရှင်းရှင်းပဲ အနိုင်ယူသွားလိမ့်မယ်။
ပက်ကွီအိုကပါဝါသိပ်ကောင်းတယ်ဆိုတာကိုမေ့ထားလိုက်ပါ။ သူက ကျွန်တော့်သားကိုထိုးဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး’’ဟု ဆိုသည်။
မေဝယ်သာ ကိုယ်တိုင်ကမူ စကားလုံးများဖြင့် အပြန်အလှန်စစ်ထိုးနေမှုတွင် ပါဝင်ရန် ငြင်းဆိုသွားသည်။ ‘‘စကားအပိုတွေ ထပ်မပြောချင်တော့ပါဘူး။ ကျွန်တော်က ရင့်ကျက်တဲ့အရွယ် ရောက်နေပါပြီ။ ပြီးတော့ ပက်ကွီအိုဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ ချန်ပီယံတစ်ယောက်ပါ။ ထူးချွန်တဲ့ တိုက်ခိုက်ရေးသမား တစ် ယောက်လည်း ဖြစ်ပါတယ်။ လက်ဝှေ့လောကရဲ့ အထူးချွန်ဆုံး ပြယုဂ်တွေ စာရင်းမှာ ပါဝင်သင့်သူပါ။ ဒါပေမဲ့ ဒီပွဲမှာ အနိုင်ရသူကတော့ ကျွန်တော်ပဲဖြစ်လိမ့် မယ်’’ဟု ၎င်းက သတင်းထောက်များအား ပြောကြားသွားသည်။
အားသာချက်၊ အားနည်းချက်များ
ပက်ကွီအိုရော မေဝယ်သာပါ အထူးချွန်ဆုံး လက်ဝှေ့သမား များဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ သို့သော်လည်း နည်းစနစ်ပိုင်းအရ ၎င်းတို့ နှစ်ဦးစလုံး အားသာချက်များရှိသလို အားနည်းချက်များလည်း အသီးသီး ရှိကြသည်။ အခြေခံအကျဆုံး သုံးသပ်ရမည်ဆိုလျှင် ပက်ကွီအိုက ပါဝါပိုကောင်းပြီး မေဝယ်သာက ပို၍ပါးနပ်သည်။ ပက်ကွီအို၏ လက်သီးချက်များက ပိုပြင်းသော်လည်း မေဝယ်သာက အရှောင်အတိမ်းနှင့် လျင်မြန်မှုတွင် ပိုသာသည်။ ထိုးချက်များက ပက်ကွီအိုလောက် အားမပါသော်လည်း ပစ်မှတ်ကိုပိုမိုတိကျစွာ ထိမှန်လေ့ရှိသည်။ ထို့အပြင် ပက်ကွီအိုကတိုက်စစ်ဆင်မှုကို အားသန်ပြီးမေဝယ်သာက ခံစစ်ကို လုံအောင်ကာပြီး တန်ပြန်တိုက်စစ်ဖြင့် ပြိုင်ဘက်ကို ဒုက္ခပေးတတ်သူ တစ်ဦး ဖြစ်သည်။
 ပွဲအစပိုင်းတွင် နှစ်ဖက်အကဲစမ်းနေကြဖွယ်ရှိသော်လည်း  ပွဲအရှိန်ရလာသည့်နှင့်အမျှ ပက်ကွီအိုက ၎င်းအားသန်သည့်အတိုင်း ဖိထိုးမည့်အလားအလာရှိသည်။ ပက်ကွီအို၏ ခံစစ်နေရာယူပုံ ကောင်းမွန်သော်လည်း အကောင်းဆုံးအဆင့်မျိုးတော့ မဟုတ်ချေ။ ထိုအချက်ကို မေဝယ်သာကအခွင့်အရေးယူရန် ပြင်ဆင်ထားပေလိမ့်မည်။ မေဝယ်သာသည် ပက်ကွီအိုထက် အရပ်ပိုရှည်ပြီး လက်တံလည်း  ပိုရှည်ခြင်းကြောင့် ဖိထိုးခံနေရသည့်တိုင်၎င်း၏ အားအကောင်းဆုံး လက်နက်ဖြစ်သည့် ညာထောက်လက်သီးများဖြင့် တုံ့ပြန်လာနိုင်သည်။
ပြိုင်ဘက်၏ ထိုးနှက်ချက်ကို ရှောင်ရင်း မဟာဗျူဟာမြောက် ထောက်လက်သီးတစ်လုံးကောင်းပစ်သွင်းလိုက်ခြင်းမျိုး သည် မေဝယ်သာ၏ မူပိုင်ဟန်လည်းဖြစ်သည်။ ပက်ကွီအို၏ လက်သီးချက်များက အားပါ သော်လည်း ထိရောက်မှုပိုင်း အားနည်းတတ်သဖြင့် မေဝယ်သာထံမှ တန်ပြန်ထောက်ကွက်များတွင် ဒုက္ခတွေ့သွားနိုင်သည်။ သို့သော် မေဝယ်သာ၏ လက် သီးချက်အားပျော့ခြင်းက မာဂုဏ်ကောင်းသော ပက်ကွီအိုကို အလဲထိုးနိုင်ရန် ခက်ခဲနေဦးမည်ဖြစ် သည်။ တစ်ဖက်တွင်မတော်တဆ ချောင်ပိတ်မိပြီးပက်ကွီအို၏ လက်သီးချက် ခပ်ပြင်းပြင်းနှစ်ချက်မျှ ဆင့်ထိသွားပါက မေဝယ်သာ ငါးပါးမှောက်သွားနိုင် သည့် အခြေအနေလည်း ရှိသည်။
မေဝယ်သာ၏ ခြေအနုတ်အသိမ်း၊ ခေါင်းအငဲ့အစောင်း မြန်ဆန်မှုက တစ်ဖက်တိုက်စစ်ကို တိမ်းရှောင်ရာတွင် အလွန်လှပ သပ်ရပ်လေ့ရှိသလို အရှိန်လွန် လာသည့် ပြိုင်ဘက်ကို ထိထိမိမိထောက်လက်သီးများ ပစ်သွင်းရန်လည်း ဟန်ချက်ညီညီ ဖြစ်နေစေတတ်သည်။ စိတ်ဝင်စားစရာ တစ်ချက်မှာ ဘယ်သန် ပက်ကွီအို၏ အားအသန်ဆုံး ဘယ်ဖြောင့်လက်သီးများနှင့် ညာသန် မေဝယ်သာ၏ ညာထောက်လက်သီးများသည် အရပ်မျက်နှာ တစ်ဖက် တည်းတွင် အားပြိုင်နေနိုင်ခြင်း ဖြစ်သည်။ ပက်ကွီအိုအနေဖြင့် ယခုပွဲတွင် မေဝယ်သာကို ချောင်ပိတ်နိုင်အောင် အစွမ်းကုန်ကြိုးစားမည်မှာ သေချာနေပြီး မေဝယ်သာကမူ ၎င်း၏ ပါးနပ်သော ခံစစ်ရွေ့လျားပုံကိုအားပြုပြီး ပြိုင်ဘက်ကို ချက်ကောင်း စောင့်ထိုးကာ အမှတ်များများယူနိုင်ရန် အဓိက ပြင်ဆင်လာဖွယ်ရှိနေသည်။
  နှစ်ဦးစလုံး လက်ရည်ကောင်းပြီး အားသာချက်ကိုယ်စီ ရှိကြသဖြင့် အနိုင်အရှုံး ခန့်မှန်းရန်မှာ မလွယ်ကူချေ။ ကစားပုံအရ  အချီပြည့်ယှဉ်ပြိုင်လျှင် မေဝယ်သာက အမှတ်ဖြင့် အနိုင်ရသွားဖွယ်ရှိသော်လည်း ကြွေတစ်လှည့်၊ ကြက်တစ်ခုန်ဆိုသည့် စကားအတိုင်း ပက်ကွီအိုထံမှ ချက်ကောင်းထိုးနှက်ချက် တစ်ကြိမ်ကလည်း မေဝယ်သာ၏ ရှုံးပွဲမရှိစံချိန်ကို ၎င်း၏ဇာတိနိုင်ငံ ပရိသတ်များရှေ့မှောက်တွင် အချိန်မရွေး ပျက်ပြယ်သွားစေနိုင်သည်။
ထင်ရှားသူတို့၏ မှတ်ချက်စကားများ
 အော်စကာ ဒီလာဟိုယာသည် မေဝယ်သာရော၊ ပက်ကွီအိုနှင့်ပါ ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသူဖြစ်သည်။ ၎င်းက ထိုပွဲစဉ်ကို လွန်ခဲ့သည့် ငါးနှစ်က စီစဉ်ဖြစ်ခဲ့လျှင်ပင် ယခုလက်ရှိလောက် စိတ်ဝင်စားစရာ မရှိနိုင်ဟု ဆိုသည်။‘‘ဒီနေ့အချိန်မှာ သူတို့ယှဉ်ပြိုင်ကြတာကပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီလို့ ကျွန်တော်ထင်ပါတယ်။ အသက်အရွယ်ကြောင့်ဒီနှစ်ယောက်စလုံး အရင်ကလောက်ပေါ့ပေါ့ပါးပါး မရှိနိုင်တော့ဘူး လေ။ တကယ်လို့ မေဝယ်သာက ခြေလှမ်းတစ်ချက်လောက် မှားသွားတာနဲ့ ပက်ကွီအိုက ဖြောင့်လက်သီးတွေ ပစ်သွင်းလိုက်လိမ့် မယ်။ တစ်ဖက်ကကြည့်ရင် ပက်ကွီအိုလည်း ခြေလှမ်းတစ် ချက် နောက်ကျတာနဲ့ မေဝယ်သာ့ လက်သီးစာ မိမှာပဲ’’ဟု ဒီလာဟိုယာက သုံးသပ်ခဲ့သည်။
ဒီလာဟိုယာက ယခုပွဲတွင် မေဝယ်သာကို ပိုအကြိုက်တွေ့သော်လည်းမေဝယ်သာ အနေဖြင့် ၎င်း၏ပွဲတိုင်းနိုင် စံချိန်အကြောင်း လတ်တလောတွင်ခေါင်းထဲမှ ထုတ်ထားသင့်ကြောင်းလည်း အကြံပြုခဲ့သည်။ ‘‘ကံမကောင်း ဖြစ်သွားနိုင်တဲ့ တစ်ချက်က မေဝယ်သာ့ ခေါင်းထဲမှာ‘ငါဟာ ဘယ်တော့မှမရှုံးဖူးဘူး။ ဘယ်သူမှ ငါ့ကို အနိုင်မရနိုင်ဘူး။ ငါသာလျှင် အကြီးမြတ်ဆုံးလက်ဝှေ့သမားဖြစ်တယ်’ ဆိုတဲ့အတွေး ဝင်နေနိုင်တာပါ။ ဒီပွဲမျိုးမှာ ဒီအချိုးနဲ့ သွားလုပ်ရင် ခံသွားရပါလိမ့်မယ်။ ကိုယ်ရင်ဆိုင်ရမှာက အခက်ခဲအကြမ်းတမ်းဆုံး ပြိုင်ဘက်မျိုးပါ။ ဒီစိန်ခေါ်မှုမျိုးအတွက် သတ္တိအပြည့်ရှိဖို့ လိုပါတယ်’’ဟုလည်း၎င်းက ပြောကြားခဲ့သည်။ ဒီလာဟိုယာက နည်းစနစ်ပိုင်း ပိုင်နိုင်မှုတွင် မေဝယ်သာကို အမှတ်ပိုပေးသော်လည်းပက်ကွီအို၏ လက်သီးအားက ပိုပြင်းကြောင်း မှတ်ချက်ပြုသည်။
  ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဆုနှစ်ကြိမ်ရရှိဖူးသည့် လက်ဝှေ့သမားဟောင်းကြီးဂျော့ဂ်ျဖိုမင်က မူ ပက်ကွီအိုကအသာစီးရလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ‘‘ကျွန်တော်ကတော့ ပက်ကွီအိုလို့ထင်တယ်။ သူက တကယ်ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားပါ။ ဒီပွဲမှာတော့ အောက်စည်းကရှိမယ်လို့ ခန့်မှန်းခံထားရတာပါ။ ခင်ဗျားတို့ သိထားရမှာပါ။ လက်ဝှေ့ပွဲ တစ်ပွဲမှာအောက်စည်းရောက်နေတဲ့သူမရှိပါဘူး။ ပရိသတ် အားပေးမှုက ကိုယ့်အတွက် ခွန်အားဖြစ်လာချိန်မှာ တစ်ချီအတွင်း၊ ဒါမှမဟုတ် လက်သီးချက် တစ်ချက်နဲ့တင် အနိုင်ရသွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ဝင်လာနိုင်ပါတယ်’’ဟု ဖိုမင်က ဆိုသည်။
၎င်းက အကယ်၍ ယခုပွဲတွင် မေဝယ်သာ အရေးနိမ့်သွားပါက အရှုံးဒဏ်ကို ခံနိုင်ရည်ရှိမည် မထင်ကြောင်းလည်း သုံးသပ်ခဲ့ သည်။ ‘‘မေဝယ်သာများ ရှုံးသွားခဲ့ရင် ဒီဒဏ်ကို သူခံနိုင်မယ်မထင်ဘူး။ ကိုယ်က ဘယ်တုန်းကမှ အရှုံးမရှိခဲ့သူ တစ်ယောက်ဖြစ် နေပြီးမှ လက်ဝှေ့ပွဲတစ်ပွဲကို ရှုံးလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လုံးဝကျရှုံးသွားတယ်ဆိုတာမျိုးခံစားမိသွားပါလိမ့်မယ်။ သူရှုံးခဲ့မယ်ဆိုရင် စိတ်ဓာတ်တွေကျပြီး ဒီပွဲနဲ့ ပတ်သက်တာကိုပဲ တစ်ချိန်လုံး စဉ်းစားနေမိမှာပါ။ ပြီးတော့ ဒီလိုပွဲမျိုးကို နောက်တစ်ကြိမ် ပြန်စီစဉ်ဖို့ဆိုတာလည်း လွယ်တာမှ မဟုတ်တာ’’ဟု ၎င်းက ပြောကြားသွားသည်။
သမိုင်းတစ်လျှောက် ကြေးအကြီး ဆုံးပွဲ
ယခုပွဲသည် သမိုင်းတစ် လျှောက် ငွေကြေးအများဆုံး ရရှိမည့် လက်ဝှေ့ပွဲ ဖြစ်လာသည်။အဆိုပါ ပွဲစဉ်အတွက် ရုံဝင် ကြေး၊ စပွန်ဆာများ၊ ရုပ်သံထုတ်လွှင့်မှုများမှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း(၃၀၀)မျှထိ ရရှိမည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် လက်ဝှေ့သမားနှစ်ဦးသည် ပွဲတစ်ပွဲအတွက် ကမ္ဘာ့စံချိန်တင် ထိုးသတ်ခများ ရရှိမည်ဖြစ်သည်။
လက်ဝှေ့ပွဲ စီစဉ်သူ ဘော့ဘ်အာရမ်က ယခုပွဲမှ အနိမ့်ဆုံး ဒေါ်လာသန်း(၂၅၀)မျှ ရရှိမည်ဟု ခန့်မှန်းထားပြီး ယင်းကို မေဝယ်သာက (၆၀)ရာခိုင်နှုန်းနှင့် ပက်ကွီအိုက (၄၀)ရာခိုင်နှုန်း ခွဲဝေယူမည်ဟု ပြောကြားထားသည်။ သို့သော်လည်း ယင်းပွဲစဉ်ကို ရုပ်သံမှ တိုက်ရိုက်ကြည့်ရှုလိုသူ အရေအတွက်သည် တရိပ်ရိပ် တိုးတက်လာနေရာ နောက်ထပ် အနည်းဆုံး ဒေါ်လာသန်း(၅၀)မျှ တိုးပွားရရှိလာမည်ဟု ခန့်မှန်းပြီးမေ၀ယ်သာက ဒေါ်လာသန်း ၁၈၀ခန့် ပက်ကွီအိုက သန်း ၁၂၀ခန့်ရရှိမည်ဖြစ်သည်။ လာ့စ်ဗီးဂက်စ်ရှိ MGM Grand  အားကစားရုံကြီးတွင် ထိုးသတ်မည့် ပွဲစဉ်အတွက် လက်မှတ်များကို အကန့်အသတ်ဖြင့်သာ ရောင်းချခဲ့ရာ လက်မှတ်တစ်စောင်လျှင် ဒေါ်လာ၃၅၀၀မှဒေါ်လာ ၂၅၀၀၀၀ ထိ ပေါက်ဈေးရှိခဲ့သည်။ အဆိုပါ လက်မှတ်များကို ပွဲစပွန်ဆာများ၊လက်ဝှေ့သမား နှစ်ဦးဘက်မှ ပွဲစီစဉ်သူများက အသီးသီး ခွဲဝေရရှိသည်။ ပရိသတ် ၁၆၈၀၀ ဆံ့သည့် အားကစားရုံကြီးမှ လက်မှတ် ၁၀၀၀ခန့်ကို ဒေါ်လာ  ၁၅၀၀မှ ဒေါ်လာ ၁၀၀၀၀ ကြား ဈေးနှုန်းသတ်မှတ်ရောင်းချခဲ့ရာတွင်မူ မိနစ်ပိုင်းအတွင်း လက်မှတ်အားလုံး ရောင်းကုန်သွားခဲ့သည်။
အဆိုပါ ပွဲစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသရာတွင် သာမန်လိုင်းအတွက် ဒေါ်လာ (၉၀)၊ HD ရုပ်သံလိုင်းများအတွက် ဒေါ်လာ(၁၀၀)ထိ ကောက်ခံသွားမည်ဖြစ်သည်။
ပွဲနှင့်ပတ်သက်သည့် အခြားအချက်အလက်များ
-မေဝယ်သာနှင့် ပက်ကွီအိုတို့ ထိပ်တိုက်တွေ့ဆုံမည့်ပွဲမတိုင်မီအခြားပွဲစဉ်ခြောက်ပွဲ ထိုးသတ်မည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်များ၏ ကြာချိန်ပေါ် မူတည်ပြီး မြန်မာစံတော်ချိန်အားဖြင့် မေလ(၃)ရက် နံနက်ပိုင်း၊ သို့မဟုတ် နေ့လယ်ပိုင်းမှပွဲစဉ်ဖြစ်ဖွယ်ရှိသည်။
-ပွဲ၏ အစီအစဉ် တင်ဆက်သူများအဖြစ် HBOမှ မိုက်ကယ်ဘတ်ဖာနှင့် Showtime၏ ဂျင်မီလင်နွန်တို့က တာဝန်ယူထားသည်။
-နီဗားဒါးအားကစား ကော်မရှင်က စည်းဝိုင်းကြီးကြပ်သည့် ဒိုင်အဖြစ်ကန်နီဘေးလက်စ်ကို ရွေးချယ်ခဲ့ပြီး အမှတ်ပေးဒိုင်များအဖြစ် ဘတ်ကလီးမန့်၊ ဒေ့ဗ်မိုရတ်တီနှင့် ဂလင်းဖဲလ်မန်တို့က တာဝန်ယူမည်ဖြစ်သည်။ ဘေးလက်စ်သည် လက်ဝှေ့ပွဲတစ်ပွဲ ကြီးကြပ်မှုအတွက်စံချိန်တင် ငွေကြေးအဖြစ် ဒေါ်လာနှစ်သောင်းခွဲရရှိမည်ဖြစ်ပြီး အမှတ်ပေးဒိုင်များက ဒေါ်လာနှစ်သောင်းစီ ခံစားခွင့်ရှိမည်ဟု သိရသည်။
-WBCက ယခုပွဲ အနိုင်ရရှိသူကို အသစ်ပြုလုပ်ထားသည့် ခါးပတ်တစ်ခုချီးမြှင့်မည်ဖြစ်သည်။ လက်ရှိ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကိုပုံတူပွားထားသည့် ယင်းခါးပတ်သည် ဒေါ်လာတစ်သန်း တန်ကြေးရှိသည်။ ခါးပတ်၏ ရှေ့ဘက်တွင် လက်ဝှေ့သမား နှစ်ဦး၏ မျက်နှာပုံများအပြင် WBC ဥက္ကဋ္ဌဟောင်း ဟိုဆေးဆူလိုင်မန်နှင့် ဂန္ထဝင်လက်ဝှေ့သမားကြီး မိုဟာမက်အလီတို့၏ မျက်နှာပုံများကိုပါ ပုံဖော်ထွင်းထုပေးထားသည်။
- နှစ်ဦးစလုံး (၈)အောင်စ လက်အိတ်များကို ဝတ်ဆင်မည်ဖြစ်သည်။ လက်ဝှေ့အိတ်နှင့် ပတ်သက်ပြီး လက်ဝှေ့သမား နှစ်ဦးစလုံး ယခင်က စိတ်မကျေနပ်စရာ အတွေ့အကြုံများရှိခဲ့သည့်အတွက် ယခုပွဲစဉ်တွင်အထူးအသေးစိတ်ကျစွာ စီစဉ်ချုပ်လုပ်ထားသည်။
-ပြိုင်ပွဲမှ ရရှိလာသည့် ငွေကြေးများအနက် ၆၀ ရာခိုင်နှုန်းကို မေဝယ်သာကလည်းကောင်း၊  ၄၀ ရာခိုင်နှုန်းကို ပက်ကွီအိုကလည်းကောင်း ခွဲဝေယူမည်ဖြစ်သည်။ ပြိုင်ပွဲကို ကြေညာရာတွင်လည်း မေဝယ်သာ၏ အမည်ကိုအရှေ့တွင် ထားမည်ဖြစ်ပြီး ကြိုးကွင်းထောင့်နှင့် အဝတ်လဲခန်းတို့ကိုလည်း မေဝယ်သာက ဦးစားပေး ရွေးချယ်ခွင့်ရခဲ့သည်။ ထို့အပြင်ကြိုးဝိုင်းထဲသို့ ပက်ကွီအိုထက်နောက်ကျဝင်ရောက်ပြီး ပရိသတ်များကို မိတ်ဆက်ပေးမှု ခံယူမည်ဖြစ်သည်။
http://www.7daydaily.com/story/36318#.VUTRV_kirIV
ဒိုးကြီး

No comments:

Related Posts Plugin for WordPress, Blogger...